Food

ဓာတုပစ္စည်းတွေ မပါဘဲ သန့်ရှင်းလတ်ဆတ်တဲ့ စတော်ဘယ်ရီယို ပြုလုပ်မယ်

ရာသီပေါ် အသီးအနှံတမျိုးဖြစ်တဲ့ စတော်ဘယ်ရီတွေဟာ အခုလိုရာသီမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ စတော်ဘယ်ရီသီးဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စိတ်ကျရောဂါတွေ ကုသရာမှာ အသုံးပြုခဲ့တဲ့ အသီးအနှံတမျိုးလည်း ဖြစ်ပါတယ်။

စတော်ဘယ်ရီသီးဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ် သွေးလှည့်ပတ်မှု စနစ်ကိုလည်း ကောင်းမွန်စေတဲ့အပြင် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ စတော်ဘယ်ရီယို အချို့ဟာ အချိုဓာတ်များလွန်းပြီး ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေ အသုံးပြုထားတာကြောင့် ကျန်းမာရေးအတွက်တော့ စိတ်မချရပါဘူး။ ဒါကြောင့်မို့လို့ သန့်ရှင်းလတ်ဆတ်ပြီး ပြုလုပ်ရလည်း လွယ်ကူတဲ့ စတော်ဘယ်ရီယိုပြုလုပ်နည်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

စတော်ဘယ်ရီယိုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ —

(၁) လတ်ဆတ်တဲ့ စတော်ဘယ်ရီသီး
(၂) သကြား
(၃) သံပရာရည် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ထည့်သွင်းရမယ့် အချိုးအစားကလည်း မခက်ခဲပါဘူး။ စတော်ဘယ်ရီသီး ၂ ဆ ကို သကြား ၁ ဆ အချိုးအတိုင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ စတော်ဘယ်ရီသီးတွေကို ရေဆေး၊ ပါးပါး လှီးထားပြီး ယိုထိုးမယ့် အိုးထဲကို ထည့်ပါ။ ပြီးရင် သကြား ထည့်ပါ။ ရေထည့်စရာ မလိုပါဘူး။ မီးဖိုပေါ်မှာ အပူပေးထားပြီး အချိန်အနည်းငယ်ကြာလာရင်တော့ သကြား အရည်ပျော်လာပြီး စတော်ဘယ်ရီသီးက ထွက်တဲ့ အရည်တွေနဲ့ ပေါင်းကာ ခပ်ပျစ်ပျစ်အနေအထားကို ရောက်လာပါမယ်။

မီးအရှိန်လျှော့ပြီး မီးဖိုပေါ်မှာ အနည်းဆုံး ၁၀ မိနစ်လောက် ကြာအောင် မွှေပေးပြီး ပျစ်လာပြီ ဆိုရင်တော့ သံပရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ထည့်ကာ မီးဖိုပေါ်ကချပြီး ၃ မိနစ်လောက် အအေးခံထားပေးရပါမယ်။ ဒီနေရာမှာ တခုသတိထားရမှာက မီးဖိုပေါ်ကချပြီး အအေးခံချိန်ဟာ ၃ မိနစ်လောက်ပဲ ရှိရမှာ ဖြစ်ပါတယ်။ ကြာကြာထားရင် ခဲသွားနိုင်တာကြောင့် သတိထားသင့်ပါတယ်။

ပြီးရင်တော့ ခြောက်သွေ့ပြီး သန့်ရှင်းတဲ့ ဖန်ပုလင်း အလွတ်တခုထဲထည့်ကာ အဖုံးကို သေချာလုံအောင်ပိ တ်ပေးပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားနိုင်ပြီ ဖြစ်ပါတယ်။ ပေါင်မုန့်နဲ့ပဲ စားစား၊ ရေခဲမုန့်နဲ့ပဲ တွဲစားစား အရသာရှိတဲ့ စတော်ဘယ်ရီယိုကို ဓာတုပစ္စည်းတွေ မပါဝင်ဘဲ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

Ref : allreceipes.com.au

Loading