ကော်ဖီကြိုက်သူတွေဟာ နေ့တနေ့ရဲ့ မနက်ခင်းအစမှာဆိုရင်ပဲ ကော်ဖီတခွက်နဲ့ စတင်တတ်ကြပါတယ်။ ကော်ဖီသောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေတာပဲဖြစ်ပြီး ပုံမှန်အားဖြင့် တနေ့မှာ ကော်ဖီ ၃ ခွက်ခန့်သောက်သုံးပေးခြင်းဟာ ကျန်းမာရေးအတွက်တော့ အကျိုးကျေးဇူးကောင်းတွေ ရှိနေပါတယ်။
လွယ်လွယ်ကူကူနဲ့ အချိန်ကုန်သက်သာစွာ ဖျော်စပ်သောက်သုံးနိုင်တဲ့ အသင့်သောက် ကော်ဖီထုပ်တွေဟာ ယနေ့ခေတ်မှာ တံဆိပ်အမျိုးမျိုးနဲ့ သောက်သုံးသူတွေကို ဆွဲဆောင်ထားနေနိုင်တာပဲ ဖြစ်ပြီး ဒီအသင့်သောက် ကော်ဖီတွေဟာဆိုရင်တော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပြန်ပါတယ်။
အခုဖော်ပြပေးမှာကတော့ အသင့်သောက်ကော်ဖီထုပ်တွေနဲ့ ရိုးရိုးသဘာဝကော်ဖီမှုန့်တွေရဲ့ ကွာခြားမှုတွေပဲ ဖြစ်ပါတယ်။
(၁) အသင့်သောက်ကော်ဖီထုပ်တွေနဲ့ ရိုးရိုးသဘာဝကော်ဖီတွေရဲ့ အဓိကကွာခြားချက်တခုကတော့ ကဖင်းဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ အသင့်သောက်ကော်ဖီတခွက်မှာ ကဖင်းဓာတ် ၆၀ မီလီဂရမ်ကနေ ၈၀ မီလီဂရမ်အထိ ပါဝင်ပြီး ရိုးရိုးသဘာဝကော်ဖီတခွက်မှာဆိုရင်တော့ ကဖင်းဓာတ် ၆၀ ကနေ ၁၂၀ မီလီဂရမ်အထိပါဝင်ပါတယ်။ ကဖင်းဓာတ်ရဲ့ကောင်းကျိုးကတော့ စိတ်ကိုကြည်လင်လန်းဆန်းပြီး ဆိုးကျိုးကတော့ နှလုံးခုန်နှုန်းမြန်တာနဲ့ ခေါင်းကိုက်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်တာပဲ ဖြစ်ပါတယ်။
(၂) အသင့်သောက်ကော်ဖီထုပ်တွေနဲ့ ရိုးရိုးသဘာဝကော်ဖီတွေမှာပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ Antioxidant ပမာဏတွေဟာ ကွာခြားမှု ကြီးကြီးမားမားမရှိဘူးလို့လည်း လေ့လာမှုတွေအရ သိရပါတယ်။
(၃) ရိုးရိုးသဘာဝကော်ဖီတွေမှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်မှုနှုန်းဟာ အသင့်သောက်ကော်ဖီထုပ်တွေမှာထက် ပါဝင်မှုနှုန်း ပိုမိုများပြားပါတယ်။
(၄) Acrylamide လို့ခေါ်တဲ့ ဓာတုဓာတ်တမျိုးဟာဆိုရင်တော့ ရိုးရိုးသဘာဝကော်ဖီတွေမှာ မပါဝင်ဘဲ အသင့်သောက် ကော်ဖီထုပ်တွေမှာသာ ပါဝင်တာပဲဖြစ်ပါတယ်။ Food Standard Agency နဲ့ World Health Organisation ရဲ့ သုတေသနလေ့လာချက်တွေအရ Acrylamide ဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။
Ref. coach.nine.com.au