နွေရာသီကို ရောက်လာပြီမို့ ချိုချိုအေးအေးလေးတွေ စားရတာကြိုက်နှစ်သက်သူတွေအတွက် လွယ်လွယ်ကူကူလည်း ပြုလုပ်နိုင်ပြီး ဆိုးဆေးတွေလည်းမပါဝင်တဲ့ သဘာဝအသီးအနှံတွေနဲ့ပြုလုပ်လို့ရတဲ့ ရေခဲချောင်းလုပ်နည်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) ထောပတ်သီး ရေခဲချောင်း
ထောပတ်သီးကြိုက်သူတွေ အကြိုက်တွေ့စေမယ့် ထောပတ်သီးရေခဲချောင်းကို ပြုလုပ်ဖို့အတွက် ထောပတ်သီး တွေကို ဖျော်စက်ထဲထည့်ပြီး ကြေအောင်ချေပေးပါ၊ ပြီးရင်တော့ သကြား၊နို့ဆီအနည်းငယ်ထည့်ပြီး သေချာမွှေပေးပါ။ မွှေပြီးရင်တော့ ရေခဲချောင်းလုပ်တဲ့ ခွက်ထဲထည့်ကာ ရေခဲသေတ္တာအပေါ်ကန့်ထဲထည့်ပြီး ခဲသွားရင်တော့ စားလို့ရပါပြီ။
(၂) ဖရဲသီးရေခဲချောင်း
နွေနေပူပူမှာ ရင်အေးစေမယ့် ဖရဲသီးရေခဲချောင်းပြုလုပ်ဖို့အတွက် ဖရဲသီးတွေကို အစေ့ဖယ်ပြီး ဖျော်စက်ထဲထည့်ပြီး ချေပေးပါ။ ပြီးရင်တော့ သကြားအနည်းငယ်နဲ့ စတော်ဘယ်ရီဖျော်ရည်(ခပ်ပျစ်ပျစ်အနှစ်ရည်) ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ရေခဲချောင်းလုပ်တဲ့ခွက်ထဲထည့်ကာ အအေးခံပြီး စားသုံးနိုင်ပါပြီ။
(၃) သီးစုံရေခဲချောင်း
စတော်ဘယ်ရီသီး၊ ကီဝီသီး၊ သဘောၤသီး၊ စပျစ်သီးနဲ့ ဖရဲသီး စတာတွေကို ခပ်သေးသေးအတုံးလေးတွေအဖြစ်လှီးပြီး ရေခဲချောင်းလုပ်တဲ့ခွက်ထဲထည့်၊ ရေထည့် ၊အချိုကြိုက်ရင် အသီးဖျော်ရည်တခုခု ဒါမှမဟုတ် သကြားရည် အနည်းငယ်ထည့်ပြီး ရေခဲသေတ္တာအခဲ ကန့်ထဲထည့်ထားလိုက်ရုံနဲ့ အရသာရှိတဲ့သီးစုံရေခဲချောင်းရရှိပြီပဲ ဖြစ်ပါတယ်။
(၄) စတော်ဘယ်ရီဒိန်ချဉ်ရေခဲချောင်း
စတော်ဘယ်ရီသီးတွေကို ထက်ခြမ်းခြမ်းပြီး နောက်ထပ်ကျန်တဲ့ စတော်ဘယ်ရီသီးတွေကိုတော့ ဖျော်စက်ထဲထည့်ကာ ကြိတ်ချေထားပါ။ ဖျော်ရည်ထဲကို ဒိန်ချဉ်အနည်းငယ်နဲ့ သကြားအနည်းငယ်ထည့်ပေးပါ။ ရေခဲချောင်းလုပ်တဲ့ခွက်ထဲကို ခြမ်းထားတဲ့ စတော်ဘယ်ရီသီးအစိတ်လေးတွေကို ထည့်၊ ပြီးရင် ချေထားတဲ့စတော်ဘယ်ရီနဲဒိန်ချဉ်အရောကို ထည့်ပေးပြီးရင်တော့ အေးခဲထားလိုက်ရုံနဲ့ စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။
Ref. www.mybaba.com