အခုလိုပူအိုက်တဲ့ရာသီရဲ့နေ့လည်နေခင်းဘက်တွေမှာ လက်ဖက်ရည်အေးအေးလေးတခွက် သောက်သုံးလိုက်ခြင်းက အမောအပန်းပြေစေမှာဖြစ်သလို စိတ်ကျေနပ်မှုတွေကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြုလုပ်ရတာလည်း လွယ်ကူတဲ့ လက်ဖက်ရည်အေး ပြုလုပ်နည်းနဲ့ သူ့ရဲ့ကျန်းမာရေးကောင်းကျိုးတွေကို ပြန်လည်မျှဝေပေး လိုက်ရပါတယ်။
လက်ဖက်ရည်အေး ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ လက်ဖက်ခြောက်အချိုခြောက်၊ ပျားရည်၊ သံပုရာသီးနဲ့ ရေတို့ပဲဖြစ်ပါတယ်။ ရေနွေးဆူဆူထဲကို လက်ဖက်ခြောက်အချိုခြောက်ထည့်ပြီး ဆယ်မိနစ်ခန့် နှပ်ထားပေးပါ။
ပြီးရင်တော့ လက်ဖက်ခြောက်စစ်တဲ့ ပိတ်ပါးလေးထဲထည့်ကာစစ်ပြီး အအေးခံထားပေးပါ။ အအေးခံပြီးရင်တော့ ဖန်ခွက်ထဲ ရေခဲတုံးအနည်းငယ်ထည့်၊ လက်ဖက်ရည်ထည့်၊ အချိုအတွက် ပျားရည်အနည်းငယ်ထည့်၊ သံပုရာသီးအနည်းငယ်ညှစ်ထည့်ပြီး သောက်သုံးနိုင်ပြီပဲဖြစ်ပါတယ်။
လက်ဖက်ရည်အေးရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော-့
(၁) အာရုံစူးစိုက်မှုအားကောင်းစေတယ်
လက်ဖက်ခြောက်မှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေတာကြောင့် စိတ်ကိုကြည်လင်လန်းဆန်းစေပြီး အာရုံစူးစိုက်မှုအားကို ကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။
(၂) ကိုယ်အလေးချိန်ကို လျော့ကျစေတယ်
လက်ဖက်ရည်အေး သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက အဆီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
(၃) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
လေ့လာချက်တွေအရ လက်ဖက်ရည်အေး အပါအဝင် လက်ဖက်ခြောက်မျိုးနွယ်ဝင် လက်ဖက်ရည်ကြမ်းတွေကို သောက်သုံးပေးခြင်းဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်းနဲ့ နှလံုံးကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
(၄) ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တယ်
ပူအိုက်တဲ့ နေ့လည်ခင်းတွေမှာ လက်ဖက်ရည်အေး တခွက်လောက် သောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.treehuger.com