ထိုင်ဝမ်နိုင်ငံကို သွားလည်တဲ့အခါ အထူးသဖြင့် ချောကလက် ကြိုက်နှစ်သက်သူတွေ သွားလည်သင့်တဲ့ နေရာတခု ရှိပါတယ်။ အဲဒီနေရာကတော့ “Fuwan Chocolate Farm”ပါ။
အဲဒီမှာ ကမ္ဘာအနှံ့ကို တင်ပို့ ရောင်းချနေတဲ့ ချောကလက်တွေရဲ့ ပြုလုပ်ရာနေရာ၊ ပြုလုပ်ပုံအဆင့်ဆင့်နဲ့ ချောကလက်တွေ စတင်ဖြစ်တင်ရာ Theobroma Cacao Tree (ကိုကိုးပင်) တွေကို အနီးကပ် လေ့လာနိုင်ပြီး ကိုယ်တိုင်လည်း DIY (Do it yourself) ချောကလက်တွေ ပြုလုပ်နိုင်ပါတယ်။
Fuwan Chocolate ဟာ ကမ္ဘာမှာ International Chocolate Award (နိုင်ငံတကာ အသိအမှတ်ပြု ချောကလက်ဆုတွေ) ရထားတာ မနည်းပါဘူး။ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်များမှာ “The Best Chocolate in Asia Award” နဲ့ “Triple M Special Award” ဆုတွေနဲ့ 2018 Asia-Pacific က ပေးအပ်တဲ့ ရွှေ၊ ငွေ၊ ကြေး တံဆိပ် ဆုပေါင်းများစွာ ရရှိထားပါတယ်။
ဒါ့အပြင် Academy of Chocolate မှ ပေးအပ်တဲ့ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တွေနဲ့ 2018 Special Award အဖြစ် “International Rising Star” ဆုလည်း ရရှိထားပါတယ်။ Fuwan Chocolate ဟာ ကမ္ဘာမှာ “Michelin Star Award” ရရှိထားတဲ့ ကမ္ဘာ့ထိပ်တန်း စားသောက်ဆိုင်ကြီးတွေကို အဓိက တင်သွင်း ရောင်းချတယ်လို့ သိရပါတယ်။
Fuwan Chocolate Farm ကို ရောက်တယ်ဆိုရင်ပဲ အဲဒီမှာ အဓိက လေ့လာနိုင်တာကတော့ ချောကလက်တွေရဲ့ ဖြစ်တည်ရာ ကိုကိုးပင်တွေကို အနီးကပ် လေ့လာနိုင်တာပါ။ ကိုကိုးပင်က သီးတဲ့ ကိုကိုးသီးတွေကိုလည်း ကိုယ်တိုင် အနီးကပ်ကြည့်ရှု လေ့လာနိုင်ပါတယ်။ ကိုကိုးပင်ကနေ သီးတဲ့ ကိုကိုးသီးတွေဟာ အဝါ၊ အစိမ်း၊ အနီ စတဲ့ အရောင် ၃ ရောင် ထွက်တယ်လို့ သိရပါတယ်။
ကိုကိုးသီးတွေထဲကမှ အစေ့ကို ချောကလက် ပြုလုပ်ဖို့အတွက် အသုံးပြုတယ်လို့ သိရပါတယ်။ ကမ္ဘာ့ အပူပိုင်းဒေသတွေမှာ ပေါက်ဖွားတဲ့ ကိုကိုးပင်တွေမှ ကိုကိုးစေ့တွေဟာ ချောကလက် အရည်၊ ချောကလက်ခဲ၊ ချောကလက် Butter နဲ့ ချောကလက်တွေ ပြုလုပ်ဖို့ အသုံးပြုတာ ဖြစ်ပါတယ်။
ချောကလက် ပြုလုပ်ပုံ အဆင့်ဆင့်ကိုလည်း Fun Wan Chocolate Farm မှာ လေ့လာနိုင်ပါသေးတယ်။ ပထမအဆင့်အနေနဲ့ ကိုကိုးပင်ကနေ ကိုကိုသီးကို အရင် ဆွတ်ခူး ရပါတယ်။ ဒုတိယ အဆင့်အနေနဲ့ကတော့ ၃ ရက်ကနေ ၇ ရက် အတွင်း ကိုကိုးသီးကို ကစော်ဖောက်ရပါတယ်။ အဲဒါပြီးရင်တော့ အောက်မှာ ပြထားတဲ့ အဆင့်တွေအတိုင်း အဆင့်ဆင့် ချောကလက် ရအောင် ပြုလုပ်ရပါတယ်။
အဆင့် ၅ အနေနဲ့ကတော့ ချောကလက်ပြုလုပ်ဖို့ ကစော်ဖောက်ထားတဲ့ ကိုကိုးစေ့တွေကို အခြောက်ခံတာပါ။ တနေ့ကို ၄ ကြိမ်လောက် ကိုကိုးစေ့တွေကို နေရာလှည့်ပြီး အခြောက်ခံရတယ်လို့ သိရပါတယ်။ အချိန် ၈ ရက်ကနေ ၁၂ ရက်အထိ အခြောက်ခံပြီးရင်တော့ အရသာရှိတဲ့ ချောကလက်တွေ လုပ်ဖို့ လေလုံတဲ့အိတ်တွေနဲ့ အခြောက်ခံထားတဲ့ ကိုကိုးစေ့တွေကို ထုတ်ကာ ကမ္ဘာအနှံ့ကို တင်သွင်းတယ်လို့ သိရပါတယ်။
Fuwan Farm ကတော့ အဲဒီ ကိုကိုးစေ့တွေကို အဆင့်မြင့် စက်ကြီးတွေနဲ့ ချောကလက် ပြုလုပ်ကာ ကမ္ဘာအနှံ့ကို တင်ပို့ ရောင်းချပါတယ်။ Fuwan က ထုတ်တဲ့ ချောကလက်တွေက နိုင်ငံတကာ အသိအမှတ်ပြု ဆုတံဆိပ်တွေ ရရှိထားကာ နာမည်ကြီးသလို ဈေးနှုန်းတွေကလည်း မဆိုးလှပါဘူး။
ချောကလက် ဗူးတဗူးကို ထိုင်ဝမ်ဒေါ်လာ ၃၀၀ (မြန်မာငွေ တသောင်းခွဲခန့်) ရှိပြီး ၃၀၀ ကျော်ကနေ ၄၀၀၊ ၅၀၀ ကျော်၊ ၁၀၀၀ ကျော်အထိ အစားစား ရှိပါတယ်။ Fuwan Chocolate Farm က ထိုင်ဝမ်နိုင်ငံ တောင်ပိုင်း၊ Donggang မြို့နယ်၊ Pingtung စီရင်စု၊ Dapeng လမ်းမှာ တည်ရှိပါတယ်။
အဲဒီနေရာက Tourist Attraction နေရာ တခုလို့လည်း ပြောလို့ရသလို ထိုင်ဝမ်နိုင်ငံကို လာလည်တဲ့အခါ အစားအသောက် ကြိုက်သူတွေ၊ အထူးသဖြင့်တော့ ကမ္ဘာတဝှမ်းက ချောကလက် ကြိုက်သူတွေ မဖြစ်မနေ သွားလည်သင့်တဲ့ နေရာတခုလို့ ညွှန်းဆိုချင်ပါတယ်။