နိုင်ငံတနိုင်ငံကို သွားရောက်လည်ပတ်တော့မယ်ဆိုရင် အစားချစ်သူတွေကတော့ သူတို့ဒေသရဲ့ နာမည်ကျော် အစားအစာတွေအကြောင်းကို အရင်တီးခေါက်တတ်ကြပါတယ်။ ဒေသတခုရဲ့ နာမည်ကျော်အစားအသောက် တွေကို တန်ဖိုးအသင့်အတင့်နဲ့ တနေရာတည်းမြည်းစမ်းနိုင်မယ့်နေရာကတော့ ညဈေးတွေပါပဲ။
ဒါကြောင့် အလည်အပတ်သွားရင်း ညဈေးတွေဘက်ကို ခြေဦးလှည့်ချင်သူတွေအတွက် နိုင်ငံတကာမှ နာမည်ကျော် ညဈေးတွေအကြောင်းကို စုစည်းဖော်ပြလိုက်ပါတယ်။
Train Night Market Ratchada, Bangkok
ဘန်ကောက်မြို့ရဲ့ Talad Nud Rod Fai လို့ လူသိများတဲ့ညဈေးသစ်ကြီးကို ဘား၊ ရှော့ပင်း၊ Activities နဲ့ အစား အသောက်ဆိုပြီး အပိုင်းလေးပိုင်း ခွဲခြားဖွင့်လှစ်ထားပါတယ်။ စနေ၊ တနင်္ဂနွေတွေ ပိတ်ရက်မှာတော့ ကြားရက် တွေထက် ဖွင့်ချိန်နောက်ကျတတ်ပြီး တညလုံးစည်းကားတဲ့ ညဈေးတခုလည်းဖြစ်ပါတယ်။ အရသာရှိတဲ့ လမ်းဘေး ထိုင်းအစားအစာတွေကို တနေရာတည်း မြည်းစမ်းနိုင်မယ့် နေရာတခုပါ။
Temple Street Night Market, Hong Kong
ညနေနေဝင်ရီတရော မှောင်လာတာနဲ့ ဘုရားကျောင်းလမ်းပေါ်က ညဈေးကြီး အသက်ဝင်လာပါတော့တယ်။ Dai Pai Dong လို့ခေါ်တဲ့ ညဈေးထဲက လမ်းဘေးဆိုင်လေးတွေမှာ ခေါက်ဆွဲ၊ မြေအိုးထမင်းနဲ့ ပင်လယ်စာတွေ ကို အရသာရှိရှိ ချက်ပြုတ်ပြင်ဆင် ရောင်းချကြပါတယ်။ ဟောင်ကောင်သားတွေရော၊ နိုင်ငံခြားသားတွေအ တွက်ပါ တကယ့်အစားအသောက် နိဗ္ဗာန်ဘုံကြီးဖြစ်တဲ့ ညဈေးမှာ အမှတ်တရပစ္စည်းဆိုင်တွေအပြင် ရှေ့ဖြစ် ဟော ဗေဒင်မေးခန်းတွေအပါ အစုံအလင်ရှိနေပါတယ်။
Ningxia Night Market, Taipei
တိုင်ပေနိုင်ငံမှာရှိတဲ့ ညဈေးတွေထဲက တခုပါ။ အစားသောက်ချစ်သူတွေအတွက် ရွေးချယ်စရာများတဲ့ နေရာ လည်းဖြစ်သလို စားသောက်ဆိုင်ပုံစံလေဟာပြင်ဆိုင်ခန်းတွေမှာ ဖွင့်လှစ်ရောင်းချပါတယ်။ Ningxia ညဈေးမှာ တော့ အစားအသောက်တွေအပြင် အဝတ်အထည်နဲ့ တခြားပစ္စည်းပစ္စယတွေကိုပါ ဝယ်ယူနိုင်ပါတယ်။
Donghuamen Night Market, Beijing
ဘေဂျင်းမှာရှိတဲ့ Donghuamen ညဈေးမှာတော့ ထူးထူးဆန်းဆန်း ကင်းမြီးကောက်၊ ကင်းခြေများ၊ ပိုးကောင်၊ ပိုးတောင်မာကြော်တွေကို မြည်းစမ်းရမှာပါ။ အစားအသောက် ထူးထူးဆန်းဆန်းတွေကိုမှ စားကြည့်ချင်သူတွေ အတွက် ဒီလိုပိုးကောင်တွေအပြင် မြွေသား၊ ကြက်နှလုံး၊ ကြယ်ငါးတွေကိုပါ ချက်ပြုတ်ပြင်ဆင်ပေးဦးမှာပါ။ အစားအသောက်တွေကို အစိမ်းအတိုင်းခင်းကျင်းရောင်းချပြီး ဝယ်တော့မှ စားသုံးသူစိတ်ကြိုက် ပြင်ဆင်ချက် ပြုတ်ပေးတာပါ။
Luang Prabang Night Market, Luang Prabang
ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိတဲ့ လာအိုနိုင်ငံက နာမည်ကျော်ညဈေးကတော့ Luang Prabang ပါ။ ညနေ ၅ နာ ရီကနေ ည ၁၁ နာရီလောက်ထိ မြို့လယ်ခေါင်မှာ ဖွင့်လှစ်ရောင်းချပါတယ်။ ညဈေးမှာတော့ အစားအသောက် ထက် တောင်ပေါ်နေလူမျိုးစုတို့ရဲ့ လက်မှုအနုပညာထည်တွေက ပိုနာမည်ကျော်ပါတယ်။ ဒီဈေးရဲ့ ပေါ်ပြူလာ အဖြစ်ဆုံးပစ္စည်းကတော့ Beer Lao တီရှပ်တွေပါပဲ။
Shilin Night Market – Taipei, Taiwan
ထိုင်ဝမ်နိုင်ငံ၊ Shilin ရပ်ကွက်မှာရှိတဲ့ Shilin ညဈေးကတော့ နိုင်ငံတွင်းက နာမည်ကျော်ညဈေးတခုဖြစ်ပြီး ဈေးသည်ပေါင်း ၅၀၀ ကျော် ရောင်းချနေတဲ့ နေရာတခုလည်းဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့နာမည်ကျော် ခရု ကြက်ဥကြော်၊ Bubble Tea ၊ ပဲပြားပုပ်၊ လီမွန်အိုင်ယုဂျယ်လီနဲ့ ပဲနီလေးဌာပနာထားတဲ့ မုန့်လုံးကြော်တွေကို မြည်းစမ်းကြည့်နိုင်ပါတယ်။ ဒီ့ပြင် အနီးအနားမှာ ရုပ်ရှင်ရုံတွေနဲ့ ကာရာအိုကေဘားတွေလည်း ရှိတာမို့ ခရီးသွား အများဆုံး သွားကြတဲ့နေရာလည်း ဖြစ်ပါတယ်။
Petaling Street Market – Kuala Lumpur, Malaysia
မလေးရှားနိုင်ငံက Petaling လမ်းဘေးဈေးကြီးကတော့ အစားအသောက်တွေအပြင် ရှော့ပင်ထွက်လို့အ ကောင်းဆုံးနေရာတခုလည်းဖြစ်ပါတယ်။ တခြားညဈေးတွေနဲ့ မတူတဲ့တချက်ကတော့ Petaling ဈေးကြီးက မနက်ဘက်လည်း ဖွင့်ပါတယ်။ မနက်အစောပိုင်းအချိန်တွေထိ ဖွင့်လေ့ရှိပြီး ညဈေးရဲ့အငွေ့အသက်အပြည့်ကို မနက်ထိခံစားရမှာပါ။
မလေးရှားနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ကွာလာလမ်ပူမှာရှိတဲ့ ဈေးကြီးမို့ အလည်သွားသူ တိုင်း မဖြစ်မနေသွားရောက်ကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်။
Ref: Worldatlas