ဒီတပတ်ပိတ်ရက် မိသားစု ထမင်းဝိုင်းမှာ စားမြိန်စေဖို့ဆိုရင် ချက်ပြုတ်ပြင်ဆင်ရ လွယ်ကူပြီး၊ အသားဟင်းဆီပြန်တွေချည်း စားရတာ ငြီးငွေ့နေတဲ့ မိသားစုဝင်တွေအတွက် အအီပြေ တရုတ်အစားအစာ ကြက်သားချိုချဉ်ကြော် နည်းလေး ဖော်ပြပေးချင်ပါတယ်။ စားလိုက်တိုင်း ကြွပ်ကြွပ်ရွရွလေးနဲ့ ကလေး၊ လူကြီးကြိုက်နှစ်သက်မယ့် ကြက်သားချိုချဉ်ကြော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့–
ကြက်ရင်ဖုံသား
နာနတ်သီး
ပြောင်းဖူးကော်မှုန့်
သကြား
ရှာလကာရည်
ဂျုံ
ငရုပ်ကောင်း
ဆား
ငရုပ်ပွ
ရေ နဲ့ ကြော်ဖို့ဆီ လိုအပ်ပါတယ်။
အရင်ဆုံး ကြက်သားတွေကို သန့်စင်ဆေးကြောထားပြီး အနေတော် တခါစား အတုံးလေးတွေ တုံးထားပါ။ ငရုပ်ပွကိုလည်း အပိုင်းလေးတွေ ဖြတ်ထားပါ။ နာနတ်သီးကို အနေတော် အတုံးလေးတွေ အနည်းငယ်တုံးထားပြီး ကျန်တာကို အရည် ညှစ်ပါ။
ဒယ်အိုးကို အပူပေးပြီး ရေ၊ သကြား၊ ရှာလကာရည်၊ နာနတ်ရည်တို့ထည့်ပြီး ဆူအောင် တည်ပေးပါ။ အရောင် လှစေချင်ရင် လိမ္မော်ရောင် Food Color တစက်၊ နှစ်စက်လောက် ထည့်ပါ။ ဆူလာရင် မီးဖိုပေါ်က ချလိုက်ပါ။ ပြောင်းဖူးကော်မှုန့်ကို ရေအနည်းငယ် ထည့်ပြီး မွှေထားတာကို အပူပေးထားတဲ့ ချိုချဉ်ရည်ထဲ ရောပြီး ခပ်ပျစ်ပျစ်လေးနဲ့ စေးသွားတဲ့ထိ မွှေပေးပါ။
ကြက်သားတုံးတွေကို ကြော်ဖို့ ဂျုံမှုန့်၊ ဆီအနည်းငယ်၊ ပြောင်းဖူးကော်မှုန့်၊ ဆား၊ ငရုပ်ကောင်းနဲ့ ကြက်ဥ၊ ရေ ထည့်ပြီး ခပ်ပျစ်ပျစ်လေးဖြစ်အောင် မွှေပါ။ ကြက်သားအနေတော် တခါစားအတုံးလေးတွေကို မုန့်နှစ်ထဲ ထည့်နယ်ပါ။
ကြက်သားကြော်ဖို့ ဒယ်အိုးကို ဆီထည့် အပူပေးထားပါ။ ဆူပူလာပြီဆိုရင် မုန့်နှစ်ထဲ နယ်ထားတဲ့ ကြက်သားတုံးတွေကို ထည့်ကြော်ပါ။ ရွှေအိုရောင် ပြောင်းသွားတဲ့အထိ ၁၀ မိနစ်လောက် ကြော်ပြီးရင် ပန်းကန်ပေါ် တင်ထားပါ။
အပိုင်းလေးတွေ ဖြတ်ထားတဲ့ ငရုပ်ပွတွေနဲ့ နာနတ်သီးအတုံးတွေကို ကြက်သားကြော်ပေါ်တင်လိုက်ပြီး ချိုချဉ်ရည် ဆမ်းလိုက်ရင် အရသာရှိပြီး အအီပြေစေမယ့် ကြက်သားချိုချဉ်ကြော် တပွဲ ရပါပြီ။
Ref: Allrecipes