နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျသက်သာစေဖို့အတွက် ဆေးပညာရှင်တွေဟာ ဆေးဝါးတွေ သောက်သုံးမယ့်အစား သဘာဝ လက်ဖက်ရည်ကြမ်းတွေကိုသာ ညွှန်းဆိုလေ့ ရှိကြပါတယ်။
သဘာဝ လက်ဖက်ရည်ကြမ်းတွေဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိတာကြောင့် သောက်သုံးသင့်တဲ့ သဘာဝ လက်ဖက်ရည်ကြမ်း အမျိုးအစားတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) Rose Tea
“Rose Tea” လို့ခေါ်တဲ့ သဘာဝ နှင်းဆီပန်းတွေကို အခြောက်ခံပြီး ပြုလုပ်ထားတဲ့ နှင်းဆီပန်းခြောက် လက်ဖက်ရည်ကြမ်းကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ကုသရာမှာ ကုထုံးတခုအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ပင်ပန် းနွမ်းနယ်မှုတွေကို လျော့ကျစေနိုင်ပြီး ညဘက် အိပ်ရာမဝင်ခင် သောက်သုံးပေးခြင်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။
(၂) Green Tea
လက်ဖက်စိမ်းရေနွေးကြမ်း “Green Tea” ကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စိတ်ပိုင်းဆိုင်ရာဖိစီးမှု ကျန်းမာရေး ပြဿနာတွေအတွက် ကုထုံးအဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပြီး Green Tea မှာ ပါဝင်တဲ့ Antioxidant တွေဟာ ဒေါသထွက်လွယ်ခြင်းနဲ့ စိတ်ပူပန်မှုများခြင်းတို့ကို အထူးပြေလျော့ သက်သာစေနိုင်ပါတယ်။
(၃) Peppermint Tea
“Peppermint Tea” လို့ခေါ်တဲ့ ပူစီနံရွက် လက်ဖက်ရည်ကြမ်းဟာတော့ အစာခြေဖျက်မှုစနစ်ကို အထူးကောင်းမွန်စေပြီး အအေးမိဖျားနာခြင်းတွေ အတွက်လည်း ကောင်းမွန်တဲ့ သဘာဝ လက်ဖက်ရည်ကြမ်း တမျိုးပဲ ဖြစ်ပါတယ်။ ပူစီနံရွက်ကို အနည်းငယ် ချေမွပြီး ရေနွေးပူပူထဲ ထည့်ကာ ပြုလုပ်သောက်သုံးနိုင်တဲ့ Peppermint Tea ကိုတော့ စိုးရိမ်ပူပန်မှုများ သူတွေနဲ့ စိတ်ဖိစီးမှုများသူတွေအနေနဲ့ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။
(၄) Ginger Tea
ရေနွေးပူပူထဲ ဂျင်းအနည်းငယ်ကို လှီးထည့်ပြီး သောက်သုံးရတဲ့ ဂျင်းရေနွေးကြမ်းဟာ ပြုလုပ်ရ လွယ်ကူသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ ဂျင်းရေနွေးကြမ်း Ginger Tea ဟာဆိုရင် စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းကို လျင်လျင်မြန်မြန် သက်သာစေနိုင်တဲ့အပြင် အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။
Ref. www.save.ca