ပြီးခဲ့တဲ့ မတ်လ၂၅ ရက်နေ့၊ အင်္ဂါနေ့တုန်းက မကာအိုမှာရှိတဲ့ Wynn Palace ဟိုတယ်မှာ အခမ်းအနားတခုပြု လုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကတော့ အာရှရဲ့ အကောင်းဆုံးစားသောက်ဆိုင် ၅၀ ရဲ့စာရင်းကို ကြေညာပေးခဲ့တာဖြစ်ပြီး အကောင်းဆုံးစားသောက်ဆိုင်တွေကို ဆုချီးမြှင့်တဲ့ အခမ်းအနားပါ။
အဲဒီ အခမ်းအနားကိုတော့ အာရှတိုက်ရဲ့ ထိပ်တန်းစားဖိုမှူးတွေ တက်ရောက်ခဲ့ကြသလို အကောင်းဆုံး စားသောက်ဆိုင်တွေရဲ့စာရင်းကိုတော့ အစားအစာအကြောင်း ရေးသားတဲ့ စာရေးဆရာတွေ၊ ဝေဖန်သူတွေ၊ စားဖိုမှူးတွေ၊ စားသောက်ဆိုင်ပိုင်ရှင်တွေ ပါဝင်တဲ့ မဲအပေါ် အခြေခံပြီး ပြုစုခဲ့ကြပါတယ်။
အာရှတိုက်ရဲ့ အကောင်းဆုံး စားသောက်ဆိုင်တွေရဲ့ စာရင်းမှာတော့ စင်ကာပူနိုင်ငံရဲ့ Odette စားသောက်ဆိုင်က ပထမနေရာကို ရရှိခဲ့သလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ Gaggan စားသောက်ဆိုင်က ဒုတိယနေရာကို ရရှိခဲ့ပါတယ်။ ဘန်ကောက်မှာရှိတဲ့ Gaggan စားသောက်ဆိုင်ကတော့ အိန္ဒိယ အစားအသောက်တွေကို ရောင်းချတဲ့ စားသောက်ဆိုင်ပါ။
ပထမနေရာကို ရရှိခဲ့တဲ့ စင်ကာပူနိုင်ငံရဲ့ Odette စားသောက်ဆိုင်ရဲ့ စားဖိုမှူးချုပ်ကတော့ Julien Royer ဖြစ်ပါတယ်။ Odette စားသောက်ဆိုင်မှာ အဓိကစားသောက်နိုင်တဲ့ အစားအစာကတော့ အာရှနဲ့ ခေတ်သစ်ပြင်သစ် အစားအစာတွေပဲ ဖြစ်ပါတယ်။ Odette စားသောက်ဆိုင်ဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် ၅၀ ရဲ့စာရင်းမှာ နံပါတ် ၂၈ နေရာက ရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာလည်း အာရှတိုက်ရဲ့အမြင့်ဆုံးဆုဖြစ်တဲ့ “New Entry”ဆုကို ရရှိခဲ့ပါတယ်။ အာရှတိုက်ရဲ့ အကောင်းဆုံး စားသောက်ဆိုင် ၅၀ ရဲ့စာရင်းမှာ စင်ကာပူနိုင်ငံမှာ ရှိတဲ့ အခြားစားသောက်ဆိုင်တွေလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီ စားသောက်ဆိုင်တွေကတော့ Burnt Ends စားသောက်ဆိုင်က နံပါတ် ၁၀ ၊ Jaan စားသောက်ဆိုင်က နံပါတ် ၃၂ ၊ Les Amis စားသောက်ဆိုင်က နံပါတ် ၃၃ ၊ Waku Ghin စားသောက်ဆိုင်က နံပါတ် ၄၀ နဲ့ Corner House စားသောက်ဆိုင်က နံပါတ် ၄၉ အသီးသီး ရရှိခဲ့ကြပါတယ်။
ဒီဆုပေးပွဲမှာ ထိုင်းနိုင်ငံက Gaggan စားသောက်ဆိုင်က နံပါတ် ၂ နေရာရရှိခဲ့သလို ထိုင်းနိုင်ငံရဲ့ အခြားစားသောက်ဆိုင်တွေလည်း ဆုအသီးသီးရရှိခဲ့ပါသေးတယ်။ အဲဒီစားသောက်ဆိုင်တွေကတော့ Suhring (၄) ၊ Gaa (၁၆) ၊ Bo.lan (၁၉) ၊ Le Du (၂၀) ၊ Nahm (၂၂) ၊ Paste (၂၈) နဲ့ Sorn (၄၈) တို့ပါ။
အာရှတိုက်ရဲ့ အကောင်းဆုံးစားသောက်ဆိုင် ၅၀ ရဲ့စာရင်းမှာ တတိယနေရာကို ရခဲ့တာကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့က Den စားသောက်ဆိုင်ဖြစ်ပြီး နံပါတ် ၅ နေရာကို ရရှိခဲ့တဲ့စားသောက်ဆိုင်ကလည်း တိုကျိုမြို့က Florilege စားသောက်ဆိုင်ပါ။
ရှန်ဟိုင်းရဲ့ Ultraviolet by Paul Pairet က နံ ပါတ် ၆ နေရာကိုရရှိခဲ့ပြီး ဟောင်ကောင်ရဲ့ The Chairman က နံပါတ် ၁၁ ကိုရရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ၊ ဆိုလ်းမြို့ရဲ့ Mingles ကတော့ နံပါတ် ၁၃ ရရှိခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ Indian Accent က နံပါတ် ၁၇ နေရာကို ရရှိခဲ့ပါတယ်။
အာရှတိုက်ရဲ့ အကောင်းဆုံး စားသောက်ဆိုင် ၅၀ ရဲ့စာရင်းမှာ အောက်ဆုံးကရှိနေတာကတော့ ဟောင်ကောင်ရဲ့ Ta Vie စားသောက်ဆိုင်ပဲဖြစ်ပါတယ်။
Ref : edition.cnn