ရာသီဥတုဖောက်ပြန်မှုတွေရဲ့ အကျိုးဆက်ကြောင့် နောက်ပိုင်းနှစ်တွေမှာ အဏ္ဏဝါဂေဟစနစ်ကိုပါ များစွာထိခိုက် မှုတွေ ရှိလာတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးပြောခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်အသစ်တွေမှာ ထပ်မံ တွေ့ရှိလာတာကတော့ ဂေဟစနစ်ပျက်စီးမှုရဲ့ ဆိုးကျိုးအဖြစ် ပင်လယ်နေသတ္တဝါတွေမှာပါ အဆိပ်တောက်တွေ များလာတာကြောင့် ပင်လယ်စာတွေဟာ ကျန်းမာရေးကောင်းကျိုးထက် ဆိုးကျိုးဘက်ကို အလေးသာနေပါ တယ်။
အော်ရီဂွန်တက္ကသိုလ်ရဲ့ လေ့လာချက်တခုမှာတော့ ပင်လယ်စာတွေကိုလေ့လာခဲ့ရာ ခရုကမာလိုရေသတ္တဝါ တွေမှာ Domoic Acid လို့ခေါ်တဲ့ အဆိပ်ပမာဏဟာ ပုံမှန်ရှိသင့်တာထက် အန္တရာယ်ရှိ ပမာဏဖြစ်လာခြင်းဟာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်တခုပဲလို့ လေ့လာချက်မှာ ဖော်ပြခဲ့ကြပါတယ်။
သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ Domoic Acid ဟာ ရေညှိအမျိုးအစားတမျိုးကနေ ထုတ်လုပ်တာကြောင့် အနီးအနား မှာရှိတဲ့ ကမာကောင်၊ ငါးနဲ့ တခြားရေသတ္တဝါတွေပေါ်မှာ တင်ကျန်နေတတ်ပါတယ်။ ဒီအက်စစ်ဓာတ်ပမာဏ အသင့်အတင့်ကို စားမိရင်တောင် လူကိုအန္တရာယ်ရှိစေပြီး အခုလို အက်စစ်ဓာတ်အများအပြားစုပြုံနေတဲ့ ပင်လယ်စာတွေကို စားမိခဲ့ရင် သေစေနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။
၁၉၈၇ ခုနှစ်၊ ကနေဒါနိုင်ငံမှာ လူပေါင်း ၁၀၀ ကျော်ဟာ ပင်လယ်စာတွေကြောင့် အစာအဆိပ်သင့်ခဲ့ပြီး သုံးဦး သေဆုံးခဲ့ပါတယ်။ ပင်လယ်စာအဆိပ်သင့်ပြီဆိုရင် အော့အန်မယ်၊ ဝမ်းသွားမယ်၊ ကြွက်တက်ခြင်းတွေ ခံစားရ တာမို့ ရောဂါလက္ခဏာဖြစ်ပေါ်လာတာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးပေးခန်းကို အမြန်ဆုံးသွားရပါမယ်။
ပြင်းပြင်းထန်ထန် Domoic Acid အဆိပ်သင့်ခဲ့ရင်တော့ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ခြေလက်ထုံကျင်ခြင်းကိုပါ ဆိုးဆိုး ရွားရွားခံစားရပါတယ်။ ဒါကြောင့် Domoic Acid ကို ပင်လယ်နေသတ္တဝါတွေမှာ အများဆုံးတွေ့ရှိချိန်ဖြစ်တဲ့ နွေရာသီမှာ ဂဏန်း၊ ဂုံး၊ ယောက်သွား၊ ငါးသေး၊ ကမာကောင်တွေ ရှောင်ကြဖို့ ဆေးပညာရှင်တွေက အကြံ ပေးထားပါတယ်။
ပင်လယ်စာတွေဟာ လူကိုကောင်းကျိုးပြုသလို အလွန်အကျွံစားမိတဲ့အခါ ဒါမှမဟုတ် စနစ်တကျချက်ပြုတ်မ ပြင်ဆင်မိတဲ့အခါမျိုးမှာ အစာအဆိပ်သင့်နိုင်ပါတယ်။ ဒါကြောင့် ငါးပူတင်းလို အဆိပ်ရှိတဲ့ ငါးမျိုးကို ကိုယ်တိုင် ချက်ပြုတ်တာထက် တတ်ကျွမ်းတဲ့စာဖိုးမှူးတွေ ပြင်ဆင်ပေးတာကိုပဲ စားပါ။
သန္တာကျောက်တန်းတွေမှာ ရှင်သန် ပေါက်ဖွားတဲ့ ငါးရှဉ့်တွေဆိုလည်း အသားကလွဲလို့ တခြားအတွင်းပိုင်းကလိစာ၊ ခေါင်းတွေကို မစားဘဲ တခါစားရင် အနည်းငယ်လောက်ပဲ စားသင့်ပါတယ်။ ငါးရှဉ့်စားတဲ့အခါ အရက် ဘီယာတွေနဲ့ တွဲမစားသင့်ပါဘူး။
ခရုကမာလို အခွံမာပါတဲ့ ပင်လယ်စာတွေကို ပြင်ဆင်ချက်ပြုတ်တဲ့အခါ အရင်ဆုံး အခွံအတွင်းအပြင် သန့်စင် အောင် အကြိမ်ကြိမ် ဆေးကြောပေးရပါတယ်။ စားတဲ့အခါ အနည်းငယ်လောက်ပဲ စားသင့်ပြီး အများကြီးစားမိ ရင် အစာအဆိပ်သင့်နိုင်ပါတယ်။
အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့အတိုင်း ပင်လယ်စာတွေကို ပြင်ဆင်ချက်ပြုတ်တဲ့အခါ နည်းစနစ်မှန်ဖို့ လိုအပ်သလို၊ တကြိမ်တည်း အလွန်အကျွံစားသုံးတာထက် သင့်တင့်ရုံလောက်ပဲ စားမယ်ဆိုရင် လူကိုအန္တရာယ် ဖြစ်စေတဲ့ အဆိပ်တောက်ရန်ကနေ ကင်းဝင်းစေနိုင်ပါတယ်။
Ref: Emma Deangela