ခရီးသွားရင်း လည်ပတ်ခဲ့တဲ့နိုင်ငံတွေရဲ့ အစားအသောက်တွေအကြောင်းကို ဝေမျှပေးနေတဲ့ Tommo နဲ့ Megsy တို့စုံတွဲရဲ့ Food Fun Travel စာမျက်နှာကနေ အာရှတိုက်ရဲ့ အရသာအရှိဆုံး အစားအသောက်တွေအကြောင်း ကို ညွှန်းဆိုပေးထား တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အကြိုက်နဲ့ အကိုက်ညီဆုံး အစားအသောက်တွေက ဘယ် အာရှနိုင်ငံရဲ့ အစားအစာ တွေဖြစ်မလဲ၊ ဒီအစားအသောက်တွေကို ဘယ်နေရာမှာ ရနိုင်မလဲ စတာတွေပါ အသေးစိတ် ပြောပြထားပါတယ်။
ပထမဆုံး သူညွှန်းဆိုလိုက်တဲ့ အစားအစာကတော့ ရှန်ဟိုင်းက Xiaolongbao ပါ။
“တခါစားအရွယ် အငွေ့တ ထောင်းထောင်းထနေတဲ့ ပေါက်စီလုံးလေးတွေကို မြင်မြင်ချင်း အအေးမခံဘဲ စားလိုက်မိတာနဲ့ ပါးစပ်ထဲ မီးတောင် ပေါက်တာထက် ဆိုးတဲ့ခံစားချက်တွေ ပွင့်ထွက်ကုန်ပါလိမ့်မယ်။ သေချာအအေးခံပြီး အရသာမြည်းစမ်း ကြည့်ရင်တော့ ရှန်ဟိုင်းမှာ Xiaolongbao ထက်ကောင်းတာ မရှိတော့ဘူးလို့ ထင်သွားလောက်စရာပါ”
“ကျနော် ကတော့ တခြားအရသာထက် မူလအရသာမပျက် ဝက်သားအစာသွပ်ပေါက်ဆီကိုပဲ အရသာပိုတွေ့ပါတယ်” လို့ Tommo ကဆိုထားပါတယ်။
အသားကင်လို့ ပြောလိုက်တာနဲ့ ပြေးမြင်လိုက်တာ တောင်ကိုရီးယားနိုင်ငံပါ။ ဒီနိုင်ငံက ကုန်ကျစရိတ်မြင့်တဲ့ နိုင်ငံဆိုပေမယ့် သုံးထပ်သားကင်တပွဲကိုတော့ အမေရိကန် ၁၀ ဒေါ်လာလောက်နဲ့ မြည်းစမ်းကြည့်နိုင်ပါတယ်။ ကိုရီးယားအသားကင်ဆိုင်တွေမှာ အသားကို မီးသွေးနဲ့ကင်တာ၊ ဂတ်စ်နဲ့ကင်တာ၊ ဟော့ပလိပ်ပြားတွေနဲ့ကင် တာ စသဖြင့် မျိုးစုံရှိပါတယ်။ ကိုယ်ကြိုက်တဲ့အရသာပေါ်မူတည်ပြီး ဆိုင်ကိုရွေး ချယ်ရုံပါပဲ လို့ သူတို့က ညွှန်းထားကြပါတယ်။
ကြွပ်ရွနေတဲ့ အဆီ တထပ်၊ အသားတထပ် သုံးထပ်သားကင်ကို ဆလပ်ရွက်တွေနဲ့ ထုပ်စားရတာလဲ အသားအရသာကို ပိုလေး နက်စေပါတယ်။ သုံးထပ်သားကင်နဲ့ အလိုက်ဖက်ဆုံးကတော့ ကိုရီးယားမှာလူတိုင်းသောက်ကြတဲ့ ဆိုဂျူး အရက်နဲ့ပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ မြန်မာနိုင်ငံက အစားအစာလည်းပါဝင်ပြီး မြန်မာနိုင်ငံက သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာကိုလည်း အခုလိုဆိုထားပါတယ်။
“မြန်မာနိုင်ငံလို့ ညွှန်းဆိုလိုက်ရင် ကျနော် အသုပ်စုံတွေကို ပြေးမြင်မိတယ်။ ကျနော် မြန်မာပြည်ရောက်တုန်း အသုပ်တော်တော်များများကို မြည်းစမ်းဖြစ်ခဲ့တဲ့ထဲက ကြွပ်ကြွပ်ရွရွ ပဲကြော်တွေနဲ့ သုပ်ထားတဲ့ ဂျင်းသုပ်ကို အကြိုက်ဆုံးပါပဲ။ လတ်လတ်ဆတ်ဆတ် ပဲကြော်စုံတွေကို မြန်မာ့နည်းမြန်မာ့ဟန်နဲ့ သုပ်ထားတဲ့ အရသာက တော်တော်အရသာရှိပါတယ်”
“ဂျင်းနဲ့ အကြော်စုံ၊ ခရမ်းချဉ်သီးထည့်သုပ်ထားတဲ့ ဂျင်းသုပ်က မြန်မာနိုင်ငံရဲ့ အဓိကအစားအစာမဟုတ်ပေမယ့် တော်တော်များများကတော့ နေ့ခင်းနေ့လယ် အဆာပြေစားကြတာ တွေ့ပါ တယ်” လို့ ဆိုပါတယ်။
ဟော့ပေါ့နဲ့ ပတ်သက်လို့လည်း သူတို့က အခုလိုဆိုထားပါတယ်။
“ဟော့ပေါ့လို့ဆိုလိုက်ရင် တရုတ်မှာတွေ့ရတဲ့ များစွာသော ဆိုင်တွေကို ပြေးမြင်မှာပါ။ ဒါပေမယ့် ကျနော်ကတော့ ဟော့ပေါ့ကို ဟောင်ကောင်မှာ မြည်းစမ်းကြည့်မိပြီး အကြိုက်တွေ့ခဲ့တယ်။ ကိုယ်တိုင်ယူစနစ်ဖြစ်ပြီး ဟင်းရည်ဆို များသောအားဖြင့် အချိုအစပ်ဆိုပြီး ၂ ကန့်ပါတဲ့အိုးတွေနဲ့ရောင်းကြပေမယ့် ကျနော် သွားစားခဲ့တဲ့ဆိုင်ကတော့ အရည်အိုးကို တမျိုးတည်းပဲ သုံးပါတယ်”
“တပွဲစာကို အမေရိကန်ဒေါ်လာ ၂၀ လောက်ပဲပေးရပြီး ၄ ယောက် လောက် အဝစားနိုင်လို့ ညနေဘက် အပေါင်းအသင်းတွေနဲ့ စားမယ်ဆို အဆင်ပြေဆုံးပေါ့ဗျာ” လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကိုရောက်တဲ့အခါ မြည်းစမ်းကြည့်ပြီး အကြိုက်တွေ့ခဲ့တဲ့ အစားအစာတွေအကြောင်းကိုလည်း အခုလိုဆိုထားပါတယ်။
“ထိုင်းနိုင်ငံရဲ့ အရသာရှိတဲ့ အစားအသောက်တွေအကြောင်း ပြောရရင် ကုန်နိုင်မယ်မထင်ပါဘူး။ ဒီတခေါက် ကျနော်သွားလည်ခဲ့တဲ့ Koh Samui က ပဲကြာဆံသုပ်အရသာကတော့ တကယ့်ကို ပြောစမှတ်တွင်စရာပါ။ ထိုင်းအစားအစာတွေဟာ အထူးသဖြင့် နိုင်ငံခြားသားတွေ ခံတွင်းနဲ့ ကိုက်ညီပါတယ်”
“ထိုင်းလို Yum Woon Sen လို့ခေါ်တဲ့ ပဲကြာဆံသုပ်ထဲကို အသီးရွက် လတ်လတ်ဆတ်ဆတ်တွေနဲ့ ငရုတ်သီးလေးထည့်၊ မြေပဲနဲ့ နံနံပင် ပါ၊ ထိုင်းငါးငံပြာရည်၊ သကြားနဲ့ သံပရာသီးလေးညှစ်ထားတဲ့ အသုပ်က တခြားဘာဖြည့်စွက်စာမှ မပါတာ တောင် အရသာရှိလွန်းပါတယ်။ ပင်လယ်စာကြိုက်တဲ့သူတွေဆို ပြည်ကြီးငါး၊ ပုစွန်တွေပါ ထည့်သုပ်ခိုင်းလို့ရပါ တယ်” လို့ ဆိုထားပါတယ်။
Ref: Food Fun Travel