အအေးဖျော်ရည်တွေနဲ့ အချိုပွဲတွေမှာ ထည့်သွင်းစားသုံးလေ့ရှိကြတဲ့ ပင်ပွားစေ့လေးတွေဟာဆိုရင်တော့ တရုတ်ရိုးရာတိုင်းရင်းဆေးဝါးတွေမှာ ထည့်သွင်းအသံုံးပြုကြလေ့ရှိသလို သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိပါတယ်။
ဒါကြောင့်မို့လို့ ပင်ပွားစေ့ရဲ့ လူသိနည်းတဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဧရာဝတီရဲ့စာဖတ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) ကိုယ်အလေးချိန်လျှော့ချနေသူတွေနဲ့ သင့်တော်တယ်
ပင်ပွားစေ့ဟာ ကယ်လိုရီပါဝင်မှု အလွန့်အလွန်နည်းပါးတဲ့ အစားအစာတခု ဖြစ်တဲ့အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ Omega 3 Fatty Acid တို့ပါဝင်တာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေနဲ့ ဝိတ်လျှော့နေသူတွေနဲ့ အထူး သင့်တော်ပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆာလောင်မှုကို ထိန်းချုပ်ထားနိုင်ပါတယ်။
(၂) ဖျားနာခြင်းတွေနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေတယ်
ပါရှန်းတိုင်းရင်းဆေးပညာရှင်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပင်ပွားစေ့ကို ရာသီအလိုက် ဖျားနာခြင်းနဲ့ ချောင်းဆိုးရောဂါတွေ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။
(၃) နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးရောဂါတွေကို ကာကွယ်ပေးနိုင်တယ်
ဆေးပညာရှင်တွေရဲ့ သုတေသန လေ့လာချက်တွေအရ ပင်ပွားစေ့မှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ကိုယ်တွင်းက ကိုလက်စထရော ပမာဏကို မျှတစေတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ သွေးတိုးရောဂါတွေကို ကာကွယ်သက်သာစေနိုင်တယ်လို့ သိရပါတယ်။
(၄) ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတယ်
ပင်ပွားစေ့ဟာ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တဲ့ Antibacterial, Antiviral နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့ Anti-inflammatory ဓာတ်တွေပါဝင်တာကြောင့် ခံတွင်းမှာဖြစ်တတ်တဲ့ အပူနာတွေကို သက်သာစေနိုင်ပြီး ခံတွင်းအနံ့ဆိုးခြင်းနဲ့ ခံတွင်းကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၅) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
ပင်ပွားစေ့မှာ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ Flavonoid, Phenolic ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြင့်တက်စေပြီး ကိုယ်တွင်းရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။
Ref. www.curejoy.com