သြစတေးလျနိုင်ငံက McDonald’s ဆိုင်တွေရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ဧပြီလ ၁ ရက်နေ့ မနက်က ဟမ်ဘာကာ အသစ်တမျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ဟမ်ဘာကာမှာ အသားလုံးဝ ပါဝင်မှု မရှိဘဲ သခွားသီး ချဉ်ဖတ်တွေကို ညှပ်ထားတဲ့ ပုံစံနဲ့ ပြုလုပ်ထားတာကိုတွေ့ရပါတယ်။
အဲဒီဆိုင်ရဲ့ အင်တာနက်စာမျက်နှာမှာ “ကျနော်တို့ ဟမ်ဘာကာ အသစ်တမျိုးကို ဒီနေ့ပဲ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ချဉ်ဖတ် ကြိုက်သူတွေအတွက်တော့ ပျော်စရာ သတင်းဖြစ်မှာပါ။ ဒီ ဟမ်ဘာကာပုံစံ အသစ်ကို စတင်ရောင်းချတော့မှာ ဖြစ်လို့ ဝမ်းသာမိပါတယ်။ အခုအချိန်က အရည်ရွှမ်းတဲ့ ချဉ်ဖတ်ကို စားရမယ့် အချိန်ပါပဲ။ အသားတွေ အစားလည်း ပေါင်မုန့်ကိုပဲ သုံးထားပါတယ်။ အားလုံးပဲ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်” လို့ ရေးတင်ခဲ့ပါတယ်။
စားသုံးသူ အချို့က အဲဒီသတင်းကို အမှန်လို့ ထင်ပြီး အင်တာနက်စာမျက်နှာမှာ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ စားသုံးသူ တယောက်က “စားချင်လှပြီ” လို့ ရေးသားခဲ့ပြီး တယောက်ကတော့ “ဒါဟာ April Fool လုပ်နေတာပဲ ဖြစ်မယ်” ဆိုပြီး အသစ်ထွက်တဲ့ ဟမ်ဘာကာကို ကြိုက်သူတွေရော မကြိုက်သူတွေပါ အပြိုင်အဆိုင် မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
အဲဒီ ချဉ်ဖတ်ညှပ် ဟမ်ဘာကာကို မကြိုက်သူတွေကတော့ “ပုံကို ကြည့်တာနဲ့တင် ရွံစရာကောင်းနေပြီ။ နောက်ဆို အဲလိုမျိုးတွေ မနောက်ပါနဲ့။ April Fool ဖြစ်နေလို့သာပေါ့။ တကယ်များသာဆိုရင် အန်မိလိမ့်မယ်။ ပိုက်ဆံတွေ ပုံပြီး ပေးရင်တောင် ဒီလိုတော့ မစားနိုင်ဘူး” စသည်ဖြင့် မှတ်ချက်တွေ ပေးထားကြပါတယ်။
McDonald’s ဟာ ပရိသတ်တွေကို မကြာခဏ စနောက်လေ့ရှိပြီး မနှစ်က April Fools’ Day မှာလည်း အလားတူ စနောက်မှုမျိုးတွေ ပြုလုပ်ခဲ့ပြီး ဆိုင်မှာ လာရောက်စားသောက်တဲ့ စားသုံးသူတွေကိုလည်း ဧပြီလ April Fool ဟာသတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
Ref; mirror.co.uk