ဟင်းလျာချက်ပြုတ်ရာမှာ ဆီဟာ မပါမဖြစ် ပါဝင်ပစ္စည်းတမျိုးဖြစ်ပြီး မိမိ အသုံးပြုတဲ့ဆီအပေါ်မူတည်ပြီး ကျန်းမာရေးသက်ရောက်မှုတွေကလည်း ရှိနေပါတယ်။ ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေအတွက်ရော ကျန်းမာရေးလိုက်စားသူတွေအတွက်ပါ ဟင်းချက်ဆီဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် ဘယ်လိုဆီ အမျိုးအစားတွေကို ရွေးချယ်စားသုံးသင့်တယ်ဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) အစေ့အဆန်တွေကနေ ရရှိတဲ့ ဆီ
အစေ့အဆန်တွေကနေ ရရှိတဲ့ဆီ (ဥပမာ- မြေပဲဆီစစ်စစ်၊သစ်ကြားသီးဆီ) စတဲ့ဆီတွေမှာ မပြည့်ဝဆီတွေထဲမှာပါဝင်တဲ့ Monosaturated Fat မြင့်မားစွာပါဝင်တာကြောင့် စားသုံးလိုက်တဲ့အခါမှာ ကိုလက်စထရောအဖြစ် မပြောင်းလဲနိုင်ပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချလိုသူတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေအနေနဲ့ အစေ့အဆန်တွေကနေ ရရှိတဲ့ဆီတွေကို ဟင်းချက်ဆီအဖြစ် အသုံးပြုနိုင်ပါတယ်။
(၂) သံလွင်ဆီ
အာဟာရပညာရှင်တွေနဲ့ ဟင်းလျာချက်ပြုတ် ကျွမ်းကျင်သူတွေရဲ့အဆိုအရ သံလွင်ဆီစစ်စစ်ဟာ ဟင်းလျာချက်ပြုတ်ရာမှာရော အသုပ်ဟင်းလျာတွေ အတွက်ပါ အသင့်တော်ဆုံးနဲ့ ကျန်းမာရေးအတွက် အညီညွတ်ဆုံး ဆီတမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ မပြည့်ဝဆီတွေထဲမှာ ပါဝင်တဲ့ Monosaturated Fat နဲ့ Polyunsaturated Fat နှစ်မျိုးလုံး မြင့်မားစွာ ပါဝင်တာကြောင့် ကျန်းမာရေးလိုက်စားသူတွေအတွက် အကောင်းမွန်ဆုံံး ဆီတမျိုးပဲဖြစ်ပါတယ်။
(၃) နေကြာဆီ
နေကြာဆီမှာ ဗီတာမင်အီးမြင့်မားစွာပါဝင်ပြီး ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ Omega-3 နဲ့ Omega-6 Fatty Acid တို့ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ ဟင်းချက်ဆီတမျိုးပဲဖြစ်ပါတယ်။
(၄) နှမ်းဆီ
နှမ်းဆီမှာ မပြည့်ဝဆီတွေထဲမှာ ပါဝင်တဲ့ Monosaturated Fat နဲ့ Polyunsaturated Fat နှစ်မျိုးလုံးမြင့်မားစွာ ပါဝင်တာကြောင့် ဟင်းချက်ဆီအဖြစ် အသုံးပြုသင့်တဲ့ ဆီတမျိုးပဲ ဖြစ်ပါတယ်။
(၅) အုန်းဆီ
အုန်းဆီဟာ မြန်မာနိုင်ငံမှာတော့ ဟင်းချက်ဆီအဖြစ် အသုံးပြုမှု အလွန်နည်းပါးတဲ့ ဆီတမျိုးဖြစ်ပေမယ့် အနောက်နိုင်ငံတွေမှာတော့ အချိုပွဲတွေနဲ့ အသုပ်ဟင်းလျာတွေ ပြုလုပ်ရာမှာ အသုံံးပြုလေ့ရှိကြတဲ့ ဆီတမျိုးပဲဖြစ်ပါတယ်။ ပြည့်ဝဆီပါဝင်မှု များပေမယ့် အုန်းဆီမှာပါဝင်တဲ့ Medium-Chain Triglycerides ဟာ ကျန်းမာရေးအတွက်ရော ကိုယ်အလေးချိန်လျှော့ချနေသူတွေနဲ့ပါ သင့်တော်ပါတယ်။
Ref. time.com