ခန္ဓာကိုယ်တွင်း အပူချိန်ဟာ ရာသီဥတုပေါ် မူတည်ပြီး အနည်းငယ် အပြောင်းအလဲ ရှိပါတယ်။ အခုလို နွေရာသီမှာ ဆိုရင်တော့ ကိုယ်တွင်းအပူချိန်ဟာ ရာသီဥတု အပူရှိန်ကြောင့် မြင့်တက်လာတဲ့အတွက် ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ ရေဓာတ် ခမ်းခြောက်တာနဲ့ အရေပြားပေါ်မှာ အဖုအပိန့်တွေ ထွက်တာ စတာတွေကို ဖြစ်ပေါ်တတ်ပါတယ်။
ဒါကြောင့်မို့လို့ အခုလို နွေရာသီမှာ ရာသီဥတုနဲ့ ကိုက်ညီပြီး ရင်အေးစေမယ့် အစားအစာတွေကို ဖော်ပြပေး လိုက်ပါတယ်။
(၁) သခွားသီး
သခွားသီးဟာ ရေဓာတ် အမြောက်အများ ပါဝင်တဲ့ အစားအစာတမျိုးဖြစ်ပြီး အခုလို နွေရာသီမှာ ကိုယ်တွင်းက အပူချိန်ကို ထိန်းညှိပေးနိုင်တဲ့အတွက် နေ့စဉ်စားသုံးမှုမှာ ထည့်သွင်း စားသုံးသင့်ပါတယ်။
(၂) အုန်းစိမ်းရည်
အုန်းစိမ်းရည်ဟာ နွေရာသီမှာ အသောက်သင့်ဆုံး သဘာဝ အားဖြည့် အချိုရည် တမျိုးပါ၊ ရာသီဥတု အပူရှိန်ကြောင့် ခန္ဓာကိုယ်တွင်းက ကုန်ခမ်းသွားတဲ့ ချွေးနဲ့ ဓာတ်ဆား ဆုံးရှုံးမှုကို အမြန်ဆုံး ပြန်လည် ဖြည့်တင်းပေးနိုင်တာကြောင့် ချွေးထွက်များသူတွေ အဓိကသောက်သုံး ပေးသင့်ပါတယ်။
(၃) ကြံရည်
နွေရာသီရဲ့ သင်္ကေတ တခုဖြစ်တဲ့ ကြံရည်မှာဆိုရင်တော့ ဗီတာမင်စီနဲ့ Antioxidant ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အပူရှိန်ကြောင့် လည်ချောင်းနာခြင်းကို သက်သာစေနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
(၄) သံပရာသီး
ဗီတာမင်စီဓာတ် မြောက်များစွာ ပါဝင်တဲ့ သံပရာသီးဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတာကြောင့် နွေရာသီမှာ ဝမ်းချုပ်ခြင်းကို အထူးကောင်းမွန်စေပါတယ်။ သောက်သုံးတဲ့ ရေထဲမှာ သံပုရာသီးစိတ် အနည်းငယ်ထည့်ပြီး သောက်သုံးခြင်းက အပူရှိန်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းကိုပါ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၅) ဖရဲသီး
ဖရဲသီးဟာ အခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီနဲ့ အကိုက်ညီဆုံး ဖြစ်ပါတယ်။ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ်ကို ဖရဲသီး စားသုံးခြင်းက ကောင်းမွန်စွာ ရေဓာတ် ပြန်လည် ဖြည့်တင်းပေးနိုင်ပြီး ကိုယ်တွင်းအပူကို ကျဆင်းစေနိုင်ပါတယ်။
Ref. indianexpress.com