ရာသီဥတု တဖြည်းဖြည်း ပူလာတာနဲ့ အစာစားချင်စိတ် ပျောက်တာ၊ ခံတွင်းပျက်တာတွေကြောင့် ဘာစားရမလဲ ခေါင်းစားနေပြီဆိုရင်တော့ နွေရာသီမှာ ကိုရီးယားလူမျိုးတွေ စားလေ့ရှိတဲ့ ခေါက်ဆွဲအေး ပြုလုပ်နည်း မျှဝေပေးချင်ပါတယ်။ Mul Naengmyeon ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် နွေရာသီ အစားအစာတမျိုးဖြစ်ပြီး ရေခဲလေးတွေထည့်ထားတဲ့ ခေါက်ဆွဲအေးပါ။ နွေပူရှိန်ကို အံ့တုနိုင်မယ့် ပူလောင်မှုဒဏ်ကို မေ့သွားစေမယ့် ကိုရီးယား ခေါက်ဆွဲအေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
ကိုရီးယား ပန်းဂျုံခေါက်ဆွဲ
ပန်းသစ်တော်
သခွားသီး
မုန်လာဥချဉ်
ကြက်ဥ
နှမ်း
ပန်းသီးရှာလကာရည်
အမဲ ရင်အုပ်သား
ကြက်သွန်နီ
ကြက်သွန်မြိတ်
ငရုပ်ကောင်း
ဆား အနည်းငယ်တို့ လိုအပ်ပါတယ်။
အရင်ဆုံး အမဲ ရင်အုပ်သားတွေကို သန့်စင်ပြီး ရေပွက်ပွက်ဆူတဲ့ထဲ ၁၀ မိနစ်လောက် ထည့်ပြုတ်ပါ။ အထဲက သွေးစ အညစ်အကြေးတွေ ထွက်လာပြီဆိုရင် ရေစစ်ပြီး သွန်လိုက်ပါ။ ကျန်တဲ့ သန့်စင်နေပြီဖြစ်တဲ့ အမဲသားတွေကို နောက်ထပ် ထပ်ပြုတ်ဖို့ အိုးထဲ ရေထည့်၊ အမဲသားထည့်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုပ်ကောင်းထည့်ပြီး ပြုတ်ရည် တည်ပါ။ နူးဖို့ဆိုရင် ၁ နာရီလောက် တည်ရပါတယ်။
အချိုရည်ထွက်လာပြီဆိုရင် အမဲရင်အုပ်သားသား သက်သက် ၊အရည် သက်သက် စစ်ထုတ်လိုက်ပါ။ နာရီဝက် လောက် အအေးခံပြီးရင် အသားတွေကို အနေတော် တလုပ်စာ လွှာထားပါ။ အအေးခံထားတဲ့ အမဲသားပြုတ်ရည်တွေထဲကို အချဉ်ဖောက်ထားတဲ့ မုန်လာဥဖြူအရည်ထည့်၊ ရှာလကာရည်၊ ပန်းသစ်တော်သီးအရည်၊ ဆား၊ သကြားအနည်းငယ် ထည့်ပါ။ အားလုံးကိုရောမွှေပြီး အရသာကို ကိုယ့်အကြိုက်ပြင်ဆင်ပါ။
ကိုယ့်ကြိုက်တဲ့ အရသာ ရပြီဆိုရင် အလုံပိတ်ဘူးထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ၃၊ ၄ နာရီလောက်ထည့်ထားပါ။ ပန်းဂျုံခေါက်ဆွဲခြောက် ပြုတ်ဖို့ ရေနွေးတည်ပါ။ ပွက်ပွက်ဆူလာရင် ခေါက်ဆွဲခြောက်ထည့်ပြုတ်ပါ။ နှစ်သက်တဲ့ အနေထားရပြီဆို ရေအေးအေးနဲ့ဆေးချပြီး ခေါက်ဆွဲပေါ် ရေခဲတုံးတွေထည့်ပြီး အအေးခံပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ စားဖို့ပြင်ဆင်ရပါတော့မယ်။ အအေးခံထားတဲ့ ပြုတ်ရည်တွေကို တယောက်စာ ခေါက်ဆွဲပြင်ထားတဲ့ ပန်းကန်လုံးထဲထည့်လိုက်ပါ။ ခေါက်ဆွဲပေါ်ကနေ ပါးပါးလှီးထားတဲ့ သခွားသီး၊ အမဲသား၊ မုန်လာဥချဉ်၊ ပန်းသစ်တော်နဲ့ ကြက်ဥပြုတ် တခြမ်းတင်ပြီး နှမ်းဖြူးလိုက်ရုံနဲ့ နွေရာသီမှာ ရင်အေးစေမယ့် အရသာရှိတဲ့ ခေါက်ဆွဲအေး တပွဲ ရပါပြီ။
Ref: My Korean Kitchen