ပင်စိမ်းရွက်ရဲ့ လူသိနည်းတဲ့ ကျန်းမာရေး ကောင်းကျိုး ၅ မျိုး
ပင်စိမ်းရွက်ကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင်အနေနဲ့ရော အသုပ် ဟင်းလျာတွေထဲမှာပါ ထည့်သွင်းစားသုံးလေ့ ရှိတာကြောင့် မြန်မာလူမျိုးတွေနဲ့ သိပ်မစိမ်းလှပါဘူး။ ဟင်းခတ် အမွှေးအကြိုင်တွေထဲမှာ ရှေးအကျဆုံးနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ များစွာရှိတဲ့ ပင်စိမ်းရွက်အကြောင်းကို ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) အအေးမိ ဖျားနာခြင်းတွေကို သက်သာစေခြင်း
ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးနဲ့ ဖျားနာခြင်းတွေအတွက် ပင်စိမ်းရွက်ကို စားသုံးပေးခြင်းအားဖြင့် အအေးမိဖျားနာခြင်းကို သက်သာစေတဲ့အပြင် နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်တဲ့ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ကိုပါ သက်သာစေနိုင်ပါတယ်။
(၂) ကိုယ်တွင်း အဆိပ်အတောက်တွေကို လျော့ကျစေခြင်း
ပင်စိမ်းရွက်ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေလျော့စေနိုင်တဲ့ Super Food တမျိုးဖြစ်တာကြောင့် ကိုယ်တွင်းဖြစ်စဉ်တွေကို ကောင်းမွန်စေပြီး အသည်းကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ်။
(၃) ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း
ပင်စိမ်းရွက်ကို ပုံမှန်စားသုံးပေးခြင်းဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်တာကြောင့် ဆီးချိုဝေဒနာရှင်တွေ အတွက် အထူးသင့်တော်ပါတယ်။ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျောနည်းစေနိုင်ပါတယ်။
(၄) စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ခြင်း
ပင်စိမ်းရွက်မှာပါဝင်တဲ့ Adaptogen ဆိုတဲ့ ဓာတ်တမျိုးဟာ အာရုံကြောတွေကို လန်းဆန်းစေနိုင်ပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများခြင်းတွေကိုပါ လျော့ကျစေနိုင်ပါတယ်။ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိခြင်း
ပင်စိမ်းရွက်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ကူးစက်ဖျားနာရောဂါ အပါအဝင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
Ref. food.ndtv.com