America Journal of Clinical Nutrition ကနေ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ တပတ်မှာ ၂ ကြိမ် ထက်ပိုပြီး အာလူးကြော်စားခြင်းဟာ စောစောသေနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒီလေ့လာချက်ဟာဆိုရင် အာလူးစားရင် စောစောသေမယ်လို့ ဆိုလိုတာမျိုးမဟုတ်ဘဲ သရေစာအဖြစ် စားသုံးနေကြတဲ့ အာလူးကြော်တွေကသာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး စောစောသေစေမှာ ဖြစ်တယ်ဆိုတာကို ပြောလိုခြင်းလည်း ဖြစ်ပါတယ်။
သရေစာအဖြစ် စားသုံးကြတဲ့ အာလူးကြော်တွေဟာဆိုရင်တော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အစားအစာတမျိုးပါ။
၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရဆိုရင်တော့ အမေရိကန်နိုင်ငံတနိုင်ငံတည်းမှာတင်ပဲ အရွယ်ရောက်ပြီးသူတဦးရဲ့ အာလူးကြော်စားနှုန်းဟာ ၁၂၁ ပေါင်အထိရှိပြီး အာလူးကိုချက်ပြုတ်စားသုံးတာထက် ကြော်လှော်ထားတဲ့ သရေစာအာလူးကြော်ကိုသာ စားသုံးမှုများပြားနေကြောင်း National Potato Council ရဲ့စစ်တမ်းတွေအရ သိရပါတယ်။
အာလူးဟာ ကစီဓာတ်များတဲ့ အစားအစာတမျိုးဖြစ်တာကြောင့် အပူချိန်မြင့်မြင့်နဲ့ ကြော်လိုက်ချိန်မှာ Acrylamide လို့ခေါ်တဲ့ ဓာတုအဆိပ်တမျိုး ထွက်ရှိလာပြီး အဲဒီဓာတုအဆိပ်ဟာဆိုရင်တော့ ကင်ဆာဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
ဒါ့အပြင် အသင့်စားသုံးနိုင်အောင် ပြုလုပ်ထားတဲ့ အာလူးကြော်တွေမှာ ဆိုဒီယမ်နဲ့ အဆီဓာတ်တွေ များပြားစွာပါဝင်တာကြောင့် ကယ်လိုရီတက်စေနိုင်ပြီး များများစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းဖြစ်စဉ်တွေကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့လည်း သိရပါတယ်။
ဒီသုတေသနလေ့လာမှုကို ပြုလုပ်ဖို့အတွက် အသက် ၄၅ နှစ်ကနေ ၇၉ နှစ်ကြား လူပေါင်း ၄၄၀ ခန့်ကို စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပြီး ဆေးပညာရှင်တွေရဲ့ ကနဦးရည်ရွယ်ချက်ကတော့ အာလူးကြော်စားသုံးခြင်းဟာ အရိုးအဆစ်ရောင်ရမ်းမှုအပေါ် သက်ရောက်ခြင်း ရှိ၊မရှိကို စစ်ဆေးလိုခြင်းပဲ ဖြစ်ပါတယ်။
တပတ်မှာ အာလူးကြော်စားသုံးတဲ့ အရေအတွက်အလိုက် အုပ်စုခွဲလေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပြီး တပတ်ကို အာလူးကြော် ၂ ကြိမ်ထက် ပိုစားသူတွေဟာ အာလူးကြော် လုံးဝမစားသူတွေထက် သေဆုံးနိုင်ခြေ ပိုမိုမြင့်တက်နေတာကို တွေ့ရှိခဲ့တာပါ။
လေ့လာချက်အရဆိုရင်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေထက် အာလူးကြော် ပိုမိုစားသုံးမှု မြင့်တက်နေတာကို တွေ့ရှိခဲ့ရတယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။
Ref. edition-m.cnn.com