နိုင်ငံခြားကို အလည်အပတ်သွားတဲ့အခါ နေစရိတ်၊ စားစရိတ် ဈေးကြီးတယ်ဆိုပေမယ့် တန်ဖိုးအသင့်တင့်နဲ့ အရသာရှိတဲ့ အစားအစာတွေလည်း ရွေးချယ်နိုင်ပါတယ်။ Luxury ခရီးသွားတွေထက် ဘတ်ဂျက်ချွေတာပြီး သွားကြမယ့် လူငယ်တွေပိုအသုံးဝင်မယ့် ကမ္ဘာ့အနှံ့က အမေရိကန် ၁ဒေါ်လာတန် အစားအစားတွေကို ညွှန်း ဆိုပေးချင်ပါတယ်။
ပထမဆုံးအစားအစာကတော့ လူတိုင်းနှစ်သက်မယ့်အပြင် အဆာပြေစားလေ့ရှိတဲ့ Hotdog ပါပဲ။ အမေရိကန်၊ နယူးယောက်စီးတီးက လမ်းဘေး Hotdog ဆိုင်လေးတွေမှာ တခုကို တဒေါ်လာနဲ့ မြည်းစမ်းကြည့်နိုင်ပါတယ်။
အမြဲတမ်းစည်ကားနေတဲ့မြို့တော်ကြီးလို့ တင်စားကြတဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမှာတော့ ပဲနီအနှစ်တွေကို အထဲမှာ အစာသွပ်ထားတဲ့ ပူပူနွေးနွေး ငါးမုန့် Taiyaki တခုကိုမှ ယန်း ၁၈၀ ပဲကျပါတယ်။ အပြင်ထွက်လည်ရင်း ဗိုက်ဆာ တဲ့အခါမျိုးမှာ ငါးမုန့်ပူပူနွေးနွေးလေးစားပြီး အအေးဒဏ်ကို အံတုနိုင်ပါတယ်။
နောက်တနေရာကတော့ တရုတ်နိုင်ငံမြို့တော် ရှန်ဟိုင်းက ငရုတ်ရည်နဲ့ ရှာလကာရည်လေး ဆမ်းထားတဲ့ ဝက်သားအစာသွပ် မုန့်လုံးကြီးကြော်ပါ။ ခြောက်ယွမ်ဆိုသလောက်ကို တခွက်မှာ မုန့်လုံးကြီး ၆ လုံးလောက်ပါလို့ ဈေးသက်သက်သာသာနဲ့ အဝစားနိုင်ပါတယ်။
ဥရောပတိုက်က စပိန်နိုင်ငံမြို့တော် မက်ဒရစ်မှာလည်း ၁ ယူရိုနဲ့ Porro မုန့်ကြော်ကို မြည်းစမ်းနိုင်ပါတယ်။ အပြင်ထွက် လည်ရင်း Tea Time အဆာပြေစားချင်လာတဲ့အခါမျိုးမှာ Porro က အလိုက်ဖက်ဆုံးပါပဲ။
ဟင်းခတ်အမွှေးအကြိုင်များများနဲ့ ပြင်ဆင်ချက်ပြုတ်ကြတဲ့ အိန္ဒိယအစားအစာတွေထဲမှာ ရူပီ ၁၀၀ နဲ့ အဆာပြေ စားနိုင်မယ့် Pav Bhaji ရှိပါတယ်။ သက်သတ်လွတ် ဟင်းသီးဟင်းရွက်အနှစ်တွေကို ပေါင်မုန့်ကြော်နဲ့ တွဲစား ရတာပါ။
အခုညွှန်းဆိုပေးမယ့် တဒေါ်လာတန်ကတော့ မယုံကြည်နိုင်လောက်အောင် အံ့သြစရာကောင်းပါတယ်။ တဒေါ် လာနဲ့ မနက်စာစားလို့ရတယ်ဆို သင်ယုံပါ့မလား။ ဟုတ်ပါတယ်၊ နယ်သာလန်နိုင်ငံမှာ ကော်ဖီအပါအဝင် အဝစားနိုင်တဲ့ မနက်စာတပွဲကိုမှ တဒေါ်လာပဲ ကျသင့်ပါတယ်။
နွေနေပူမှာ အမောပြေစေမယ့် Frozen Coke တခွက်ကို နယူးဇီလန်နိုင်ငံမှာ တဒေါ်လာပဲရှိပါတယ်။ ဘယ်အရွယ်ဆိုဒ်မဆို တဒေါ်လာတန်မီနူးထဲကနေ ကြိုက်တာရွေးဝယ်သောက်လို့ရပါတယ်။
မလေးရှားနိုင်ငံမှာတော့ လူကြိုက်အများဆုံး Nasi Lemak တပွဲကိုမှ တဒေါ်လာပဲ ကျပါတယ်။ ဒီပွဲထဲမှာ ထမင်း၊ အသားတမျိုးမျိုး၊ ငါးလေးခြောက်ကြော်၊ မြေပဲနဲ့ ကြက်ဥပြုတ်တလုံးတောင်ပါ ပါတယ်။
မက္ကဆီကိုနိုင်ငံမှာ ၂ ကီလိုအလေးချိန်ရှိတဲ့ ငှက်ပျောသီးတွေကိုမှ တဒေါ်လာပဲ ရှိပါတယ်။ အရသာလည်းရှိပြီး နွေရာသီမှာ အပူဒဏ်သက်သာစေလို့ တန်ဖိုးနည်းနည်းနဲ့ ဗိုက်ဖြည့်ဖို့အကောင်းဆုံး ရွေးချယ်စရာပါပဲ။
Ref: BuzzFeed