မန်ကျည်းဖျော်ရည် သောက်ပေးခြင်းဟာ အပူကင်းတယ်လို့ လူအများသိကြသလိုပဲ မန်ကျည်းဖျော်ရည်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် တော်တော်များများကို ဖြည့်တင်းပေးနိုင်တဲ့ သဘာဝဖျော်ရည်တမျိုး ဖြစ်ပါတယ်။
မျက်လုံးကျန်းမာရေး မကောင်းသူတွေနဲ့ အစာအိမ်ကျန်းမာရေး ပြဿနာရှိသူတွေကို မန်ကျည်းဖျော်ရည် ပုံမှန်သောက်သုံးပေးဖို့ အာဟာရပညာရှင်တွေက တိုက်တွန်းလေ့ရှိပြီး မန်ကျည်းဖျော်ရည်ရဲ့ တခြားသော ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။
(၁) အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေတယ်
မန်ကျည်းသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေဟာ အစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစားအစာတွေမှာ ပါဝင်တဲ့ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ အဆီဓာတ်တွေကို ဖယ်ရှားပေးနိုင်ပြီး ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
(၂) သွေးကိုသန့်စင်စေတယ်
လေ့လာချက်တွေအရ မန်ကျည်းသီးမှာ ပါဝင်တဲ့ ဖောလစ်အက်ဆစ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေဟာ သွေးကို သန့်စင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးမသန့်ခြင်းကြောင့် ဖြစ်တဲ့ ခန္ဓာကိုယ်ယားယံမှုတွေကို ပျောက်ကင်းစေနိုင်ပြီး အသားအရေ နေလောင်ခြင်းတို့ကိုလည်း ပျောက်ကင်းသက်သာစေနိုင်ပါတယ်။
(၃) မျက်လုံး ကျန်းမာရေးကို ကောင်းမွန်စေတယ်
မန်ကျည်းသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျက်သား ခမ်းခြောက်ခြင်း၊ အသက်အရွယ်အရ အမြင်အာရုံလျော့နည်းလာခြင်းနဲ့ မျက်လုံးကျန်းမာရေး ပြဿနာအများစုကို ပျောက်ကင်းသက်သာစေနိုင်တယ်လို့ ဆေးသုတေသန ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။
(၄) ခန္ဓာကိုယ်တွင်း အေးမြစေတဲ့ ဂုဏ်သတ္တိ ရှိတယ်
ပူပြင်းလှတဲ့ နွေရာသီမှာ မန်ကျည်းဖျော်ရည် သောက်သုံးပေးခြင်းဟာ နေပူရှိန်ကြောင့် ကိုယ်တွင်းအပူချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဝမ်းတွင်း အေးမြစေပါတယ်။
(၅) ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တယ်
မန်ကျည်းဖျော်ရည် သောက်သုံးပေးခြင်းဟာ အပူရှိန်ကြောင့်ဖြစ်တဲ့ လည်ပင်းနာခြင်း၊ အာသီးရောင်ခြင်း စတဲ့ ရောင်ရမ်းနာကျင်မှုတွေကို လျော့ပါးသက်သာစေနိုင်ပြီး အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတို့ကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။
Ref. www.naturalfoodseries.com