မက္ကဆီကိုနဲ့ အမေရိကတိုက် အလယ်ပိုင်းဒေသတွေမှာ တွေ့ရတဲ့ “Cucamelon” လို့ခေါ်တဲ့ သခွားသီးနဲ့ ဖရဲသီး ပေါင်းစပ်အသီးမှာ ကျန်းမာရေးကို အကျိုးပြုတဲ့ အမျှင်ဓာတ်၊ Antioxidants ၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။
“မက္ကဆီကန် သခွားချဉ်”လို့ လူသိများတဲ့ Cucamelon အရွယ်အစား တလုံးက စပျစ်သီး အရွယ်အစားရှိပြီး ဖရဲသီးပေါက်စလေးတွေနဲ့ ဆင်ပါတယ်။ ဖရဲသီးအသေးစား Cucamelon တလုံးမှာ ဗီတာမင် စီ၊ ပိုတက်စီယမ်၊ လင်ကိုပိန်း၊ ဘီတာကယ်ရိုးတင်း ဓာတ်တွေက ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကိုယ်အလေးချိန်လျော့ကျအောင် စွမ်းဆောင်နိုင်သလို လေဖြတ်နိုင်ချေကိုပါ လျော့နည်းစေပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ် တစ်ရှူးနဲ့ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကို ကျန်းမာစေသလို ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဗီတာမင်၊ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ Cucamelon ဟာ Anti-aging အသီးဖြစ်လို့ အိုမင်းရင့်ရော်မှုကို တားဆီးနိုင်သလို အသားအရေကိုလည်း စိုပြေ ဝင်းပစေပါတယ်။
အာဟာရဓာတ်တွေပြည့်ဝတဲ့ Cucamelon ကို စိုက်ချင်တယ်ဆိုရင် မျိုးစေ့ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်လို့ ရသလို စူပါမားကတ်က ဝယ်လာတဲ့ မှည့်နေတဲ့ အသီးကနေလည်း အစေ့ကိုယူပြီး စိုက်ပျိုးနိုင်ပါတယ်။ အရင်ဆုံး အစေ့တွေကို ရေခွက်ထဲ တပတ်လောက် စိမ်ထားပါ။ တပတ်ပြည့်ရင် ရေဆေးပြီး ခြောက်သွေ့သွားပြီဆိုရင် စက္ကူ အိတ်ထဲထည့်ပြီး အေးမျှတဲ့နေရာမှာ သိမ်းထားပါ။
သိမ်းထားတဲ့ အစေ့တွေကို စိုက်ပျိုးတော့မယ်ဆိုရင်တော့ နွေးတဲ့ ရာသီဥတုအပူချိန်ကို ကြိုက်တာမို့ အကောင်းဆုံး အချိန်ကတော့ ဧပြီလနဲ့ မေလတွင်းက အသင့်တော်ဆုံးပါပဲ။ ဆောင်းရာသီမှာ စိုက်မယ်ဆိုရင်တော့ အိမ်အတွင်းမှာ ထားပြီး အလင်းရောင်နဲ့ အပူချိန်မျှတဲ့နေရာမှာ ထားပါ။ အစေ့ကနေ စိုက်တဲ့ Cucamelon အပင် ပေါက်တွေဟာ စိုက်ပြီး ၆၅ ရက်ကနေ ၇၅ ရက်အတွင်း စတင်ပေါက်လာပါတယ်။
ခြံရှိမှ မဟုတ်ဘဲ အိမ်တွင်း အပင်အဖြစ်လည်း စိုက်ပျိုးလို့ ရပါတယ်။ Cucamelon အပင်တွေကို တနေ့ ၆ နာရီလောက် နေရောင် တိုက်ရိုက်ကျတဲ့နေရာမှာ ထားဖို့တော့ လိုအပ်ပါတယ်။
နွယ်ပင်မျိုးနွယ်ဖြစ်လို့ ၁၀ ပေလောက်ထိ နွယ်တက်လို့ ကြေးနန်းကြိုးကို နွယ်တက်နိုင်အောင် ပြင်ဆင်ပေးထား ရပါတယ်။ Cucamelon ပင်ကို ထည့်စိုက်ထားတဲ့ ပန်းအိုးကလည်း ရေထွက်ကောင်းနေဖို့ လိုပါတယ်။ ဇူလိုင်လ ကစပြီး အသီး စသီးကာ နိုဝင်ဘာလလယ်လောက်ထိ ခူးဆွတ်လို့ ရပါတယ်။ Cucamelon ရဲ့ သဘာဝကိုက အပင်ဖျက်ပိုးဒဏ်ကို သူ့ဘာသာသူ တွန်းလှန်နိုင်စွမ်း ရှိပါတယ်။
ဖရဲသီး အသေးစားလို့ ခေါ်ကြပေမယ့် တကယ်တမ်းတော့ Cucamelon သီးမှာ ဖရဲသီးအရသာ လုံးဝ မပါဘဲ သံပုရာရည်ထဲကို သခွားသီး ထည့်စိမ်ထားသလို အရသာမျိုးပါ။ ဒါကြောင့်လည်း သံလွင်ဆီပါတဲ့ အသီးရွက် အသုပ်ထဲမှာ ထည့်သုံးကြသလို သခွားချဉ်လိုလည်း အချည်ဖောက်ကြပါတယ်။ နွေရာသီနဲ့ အလိုက်ဖက်ဆုံးလို့ ဆိုကြတဲ့ ဒီအသီးကို ကော့တေးမှာ အလှဆင်ဖို့ သက်သက်လည်း အသုံးပြုကြပါတယ်။
Ref: Healthy Food House