နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ အစားအစာ အမျိုးအစားအလိုက် အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ တချို့သော အစားအစာတွေဟာ မကျက်တကျက် ချက်ပြုတ်စားသုံးမှသာ အာဟာရဓာတ် အပြည့်အဝ ရရှိနိုင်သလို တချို့သော အစားအစာတွေကတော့ လုံလောက်တဲ့ အပူချိန်နဲ့ သေချာအောင် မချက်ပြုတ်ဘူးဆိုရင် အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်တာကြောင့် သေချာစွာ ချက်ပြုတ်ပြီးမှ စားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဥအမျိုးမျိုး
လူတော်တော်များများဟာ ကြက်ဥ အပါအဝင် ဥအမျိုးမျိုးကို အစိမ်းစားတာ၊ မကျက်တကျက် စားတာမျိုးတွေကို ပြုလုပ်တတ်ကြပါတယ်။ ဥအမျိုးမျိုးမှာ ရှိတဲ့ Salmonella ဘက်တီးရီးယားဟာ အပူချိန် ၁၄၅ ဒီဂရီဖာရင်ဟိုက်မှာမှ သေနိုင်တာကြောင့် မကျက်တကျက် စားတာမျိုးနဲ့ အစိမ်းစားတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၂) ပင်လယ်စာအစားအစာများ
ငါးအပါအဝင် ယောက်သွား၊ ကမာကောင် စတဲ့ ပင်လယ်စာ အစားအစာတွေဟာ သေချာစွာ ကျက်အောင်ချက်ပြုတ် စားသုံးခြင်း မရှိတဲ့အခါ သူတို့မှာကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေဟာ ဝမ်းလျှော၊ ဝမ်းပျက်ခြင်းနဲ့ အစာအဆိပ်သင့်ခြင်း တို့ကို ဖြစ်စေနိုင်တာကြောင့် မကျက်တကျက် ကင်စားတာမျိုးနဲ့ အစိမ်းစားတာမျိုးကို မပြုလုပ်သင့်ပါဘူး။
(၃) အသားအမျိုးမျိုး
ကြက်သား၊ ဝက်သား၊ အမဲသား စတဲ့ အသားအမျိုးမျိုးကို ဘယ်လိုပဲ သန့်စင်ထားပါစေ ဘက်တီးရီးယားတွေဟာ အချိန်ပြည့် ပေါက်ဖွားနိုင်တာကြောင့် မကျက်တကျက် ပြုလုပ်ထားတာမျိုးတွေကို မစားသင့်ပါဘူး။
(၄) ပဲပင်ပေါက်
ပဲပင်ပေါက်ကို တို့စရာအဖြစ် အစိမ်းစားသူတွေအတွက် သတိပြုစရာ အချက်တချက်ဖြစ်ပါတယ်။ ပဲပင်ပေါက်မှာ ပါဝင်တဲ့ Pathogenic ဘက်တီးရီးယားဟာ ကိုယ်ဝန်ဆောင်တွေအတွက် အလွန်အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား တမျိုးဖြစ်ပြီး အစာခြေစနစ်အတွက်လည်း အန္တရာယ်ရှိတာကြောင့် အစိမ်းစားတာမျိုးကို မပြုလုပ်သင့်ပါဘူး။
(၅) နို့နဲ့ နို့ထွက်ပစ္စည်းများ
နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သေချာစွာ ချက်ပြုတ်ခြင်းမရှိတဲ့အခါ အစာအဆိပ်သင့်တာ၊ အစာအိမ်ရောင်ရမ်းတာ၊ ဝမ်းပျက်ဝမ်းလျှောတာ စတာတွေ ဖြစ်နိုင်တာကြောင့် သေချာစွာ ကျက်အောင် ချက်ပြုတ်သင့်ပါတယ်။
Ref. www.betterhealth.vic.gov.au