နေ့စဉ်စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေမှာ ဓာတုပိုးသတ်ဆေး ကင်းစင်တယ်ဆိုတာ မရှိသလောက်ပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင် ရေနဲ့ ဆေးကြောရုံနဲ့ ဓာတုပိုးသတ်ဆေးတွေ ကင်းစင် မသွားနိုင်ပါဘူး။
အထူးသဖြင့် အစိမ်းစားမယ့် အသီးအနှံတွေဆိုရင် ရေနဲ့ ဆေးကြောရုံလောက်နဲ့ ကျန်းမာရေးအတွက် စိတ်မချရတာကြောင့် ဟင်းသီးဟင်းရွက်တွေကို ဓာတုပိုးသတ်ဆေး အန္တရာယ်ကင်းအောင် ဆေးကြောနိုင်မယ့် နည်းလမ်းကောင်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) ဆားရည်
ဟင်းသီးဟင်းရွက်တွေကို ဆေးကြောတော့မယ်ဆိုရင် ရေဇလုံတခုထဲ ရေဖြည့်ပြီး ဆားလက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်ထည့်မွှေပေးပါ။ ပြီးရင်တော့ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်လောက် ဆားရေထဲ စိမ်ပြီးမှ ရေနဲ့ တထပ် ပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။
(၂) ရှာလကာရည်
ရှာလကာရည် အနည်းငယ်ကို ဟင်းသီးဟင်းရွက်ဆေးမယ့် ရေထဲ ထည့်မွှေပြီး ဟင်းသီးဟင်းရွက်တွေကို ရှာလကာရည်နဲ့ ရေရောစပ်ထားတဲ့ အရောထဲ ၁၀ မိနစ်လောက် စိမ်ပြီးမှ ရေနဲ့ တထပ် ပြန်လည်ဆေးကြော ပေးခြင်းအားဖြင့် အစိမ်းစားမယ့် အသီးအနှံတွေကိုရော ချက်ပြုတ်မယ့် ဟင်းသီးဟင်းရွက်တွေကိုပါ စိတ်ချလက်ချ စားနိုင်ပြီ ဖြစ်ပါတယ်။
(၃) မုန့်ဖုတ်ဆိုဒါ
အသီးအနှံတွေဆေးမယ့် ရေဇလုံထဲမှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တဇွန်းခန့်ကို ရေနဲ့ရောစပ်ပြီး အသီးအနှံတွေကို ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။ ပြီးရင်တော့ ရေနဲ့တထပ် ပြန်လည် ဆေးကြောပေးမယ်ဆိုရင်ဓာတုပိုးသတ်ဆေး ကင်းစင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၄) Homemade Spray ပြုလုပ်နည်း
အသီးအနှံတွေကို ဓာတုပိုးသတ်ဆေး ကင်းစင်အောင် ဆေးကြောနိုင်ဖို့ အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ Spray ပြုလုပ်နည်းကိုလည်း ဖော်ပြပေးချင်ပါတယ်။ သံပရာရည် လက်ဖက်ရည်ဇွန်း တဇွန်း၊ ရှာလကာရည်လက်ဖက်ရည်ဇွန်း၂ ဇွန်းနဲ့ ရေတဖန်ခွက် တို့ကို ရောစပ်ပြီး ဖျန်းဆေးဘူးထဲ ထည့်ထားပါ။
အသီးအနှံတွေ ဆေးကြောတော့မယ်အခါတိုင်း ဖျန်းဆေးအနည်းငယ်နဲ့ ဖျန်းပက်ပြီး ရေနဲ့ တထပ် ပြန်လည် ဆေးကြောပေးရုံနဲ့ ဓာတုပိုးသတ်ဆေး ကင်းစင်စေမှာ ဖြစ်ပါတယ်။
Ref. naturallivingideas.com
You may also like these stories:
ပလတ်စတစ် သုံးစွဲခြင်းကို တားဆီးပိတ်ပင်ထားတဲ့ နိုင်ငံနဲ့ မြို့များ
အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်စေတဲ့ အစားအစာ ၉ မျိုး
အနံ့အရသာ မွှေးပျံ့တဲ့ အိန္ဒိယစတိုင် ကဏန်းဟင်း ချက်ရအောင်
ဒူးရင်းသီးအနံ့အရသာ အပြည့်အဝခံစားမိစေမယ့် ဒူးရင်းပီဇာပြုလုပ်နည်း