Food

အုန်းနို့နံ့ မွှေးမွှေးလေးနဲ့ ထမင်းမြိန်စေမယ့် အုန်းနို့ ပုစွန်ခါရီဟင်း ချက်စားရအောင်

အသီးအရွက် အစုံကို ဟင်းခတ်အမွှေးကြိုင် များများထည့်ချက်ရတဲ့ Curry (ခါရီ) ဟင်းဆို တခြား ဘာမှ မလိုဘဲ အနှစ်နဲ့နယ်စားလိုက်ရင် ဘယ်နှပန်းကန် စားမိမှန်းမသိအောင် ခံတွင်းမြိန်ပါတယ်။ အခုလည်း တမျိုးတည်းနဲ့ ထမင်းစားမြိန်မယ့် အုန်းနို့ ပုစွန်ခါရီဟင်း ချက်နည်း ဝေမျှပေးချင်ပါတယ်။ ခါရီဟင်းကို ပုစွန်လေးခတ်ပြီး အုန်းနို့လေး ကဲထားတော့ စားနေကျနဲ့ မတူဘဲ အရသာ တမျိုးဆန်းနေမှာပါ။

အုန်းနို့ပုစွန် ခါရီဟင်း ချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —

ပုစွန်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ခရမ်းချဉ်သီး
ခရမ်းသီး
ဂျင်း
အုန်းနို့
ခါရီမှုန့်
ဆနွင်းမှုန့်
နံနံပင်
သကြား
ငံပြာရည်
ဆား
ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ပုစွန်တွေကို ဆေးကြော သန့်စင်ပြီး ခေါင်း၊ အခွံ နွှာထားပါ။ အိုးထဲ ရေထည့်၊ပွက်ပွက် ဆူလာရင် ဖယ်ထုတ်လိုက်တဲ့ ပုစွန်ခေါင်းတွေနဲ့ အခွံတွေကို အချိုရည်ရအောင် ဆား၊ ငရုတ်ကောင်း ခတ်ပြီး ၁၀ မိနစ်လောက် ပြုတ်ထားပါ။ ပြီးရင် အရည်ကို ခွက်တခုထဲ စစ်ထည့်ထားပါ။

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အနံ့မွှေးလာတဲ့အထိ ဆီသတ်ပါ။ ပြီးရင် ခရမ်းချဉ်သီးနဲ့ ဂျင်းထည့်ပြီး ၁ မိနစ်လောက် မွှေပေးပါ။ အနံ့မွှေးလာရင် ပုစွန် အချိုရည်နဲ့ အုန်းနို့ရည် ထည့်၊ ဆနွင်းမှုန့် အနည်းငယ်၊ ခါရီမှုန့် ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။

ချခါနီးမှ ခရမ်းချဉ်သီး၊ အရသာအတွက် သကြားအနည်းငယ်၊ ငံပြာရည် အနည်းငယ် ထည့်ပြီး ကျက်ပြီဆိုရင် နံနံပင် အုပ်လိုက်ပါ။ အုန်းနို့နံ့ မွှေးမွှေးလေးနဲ့ ထမင်းပူပူလေးပေါ် ဆမ်းစားလိုက်ရင် ခံတွင်းမြိန်စေမယ့် အုန်းနို့ ပုစွန်ခါရီ ဟင်းတခွက် ရပါပြီ။ ။

Ref: Yummy

You may also like these stories: 

ချဉ်ချဉ်စပ်စပ် အရသာနဲ့ ပင်လယ်စာ တုန်ယမ်းဟင်းရည် ချက်ကြမယ်

ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူး

အစပ်ကြိုက်သူတွေ ခံတွင်းမြိန်စေမယ့် ရှုးရှဲအရသာ “ပြည်ကြီးငါး အစပ်ကြော်”

အချိန်နာရီဝက်နဲ့ လွယ်လွယ်ကူကူ “ကြက်သားမှိုဟင်း” ချက်ကြမယ်

Loading