ဒီတပတ် မိုးရာသီလည်း ဝင်လာပြီဆိုတော့ ခပ်စပ်စပ်လေးနဲ့ ကယ်လိုရီလည်း နည်းတဲ့ ကိုရီးယား ငါးချဉ်စပ်ဟင်းရည် ချက်နည်းကို ဝေမျှပေးချင်ပါတယ်။ ဟင်းရည် စားကောင်းမယ့် အဓိကအချက်ကတော့ အသုံးပြုမယ့် ငါးက လတ်ဆတ်နေဖို့နဲ့ အသားများတဲ့ငါး ဖြစ်ရပါမယ်။ ကိုရီးယားလူမျိုးတွေ အနှစ်သက်ဆုံး ဟင်းတမျိုးဖြစ်တဲ့ ငါးချဉ်စပ်ဟင်းရည်ကို မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းတွေ ထမင်းလက်ဆုံစားတဲ့အခါ ချက်ပြုတ်ပြင်ဆင်လေ့ ရှိပါတယ်။
ငါးချဉ်စပ်ဟင်းရည် ချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
အသားများပြီးချိုတဲ့ ကကတစ်၊ ငါးကြင်းဖြူ၊ ငါးတန် ကြိုက်နှစ်သက်ရာ သုံးနိုင်ပါတယ်။
-မုန်လာဥဖြူ
-ကြက်သွန်မြိတ်
-ငရုတ်သီး
-နံနံပင်
-ငရုတ်သီးအစိမ်းမှုန့်
-ကြက်သွန်ဖြူ
-Dried Anchovies (ကိုရီးယား ငါးလေးခြောက်)
-ကိုရီးယား ပဲငပိအနှစ်
-ကိုရီးယား ငရုတ်နှစ်
-ပဲငံပြာရည်
-ငံပြာရည်
-ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ငရုတ်နှစ်၊ ပဲငပိနှစ်၊ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ကြိတ်ထားတဲ့ ကြက်သွန်ဖြူတွေကို ရောပြီး အနှစ် စပ်ထားပါ။ ချက်မယ့် ငါးကို သန့်စင်ဆေးကြောပြီး အနေတော်အရွယ် တုံးထားပါ။
ဟင်းရည်ချက်ဖို့ အိုးအကြီးတလုံးထဲ ရေတဝက်ကျော်လောက် ထည့်ပြီး မုန်လာဥဖြူနဲ့ ငါးလေးခြောက်တွေကို မိနစ် ၂၀ လောက် ထည့်ပြုတ်ပါ။ ပြီးရင်တော့ ပွက်ပွက်ဆူနေတဲ့ အိုးထဲ ငါးအတုံးတွေနဲ့ စပ်ထားတဲ့အနှစ် ရောထည့်လိုက်ပါ။
ငါးတုံးတွေ ကျက်သွားတဲ့အထိဆို နောက်ထပ် မိနစ် ၂၀ လောက် ချက်ပေးရပါတယ်။ အပေါ့အငန် မြည်းကြည့်ပြီး အနေတော်ပဲဆိုရင် ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်မြိတ်တွေကို ထည့်ပါ။
နောက်ထပ် ၅ မိနစ်လောက် ချက်ရင်း သစ်သားဇွန်းလေးနဲ့ ငါးအတုံးတွေကို ပုံမပျက် မွှေပေးပါ။ အားလုံးပြီးရင်တော့ မီးငြိမ်းလိုက်ပြီး နံနံပင်လေးခတ်၊ ထမင်းပူပူလေးရယ်၊ ကင်မ်ချီနဲ့ တွဲစားမယ်ဆိုရင် ပူစပ်စပ်အရသာနဲ့ အိမ်သားတိုင်း ခံတွင်းမြိန်စေမယ့် ငါးချဉ်စပ် ဟင်းရည်တခွက် ရပါပြီ။
Ref: Maangchi
You may also like these stories:
အစားသောက်ချစ်သူတွေ မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့ ကိုရီးယားအစားအစာများ
ထောပတ်သီးကို အသုံးပြုပြီး အသားအရေ စိုပြည်ကြည်လင်စေဖို့ ပေါင်းတင်ကြမယ်
ဖိလစ်ပိုင်စတိုင် သရက်သီးအုန်းနို့သာကူ အချိုပွဲ