လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး လူငယ်တွေကြားထဲ အသောက်များလာတာကတော့ Bubble Tea လို့ခေါ်တဲ့ ပုလဲသီးလေးတွေပါတဲ့ အအေးပဲ ဖြစ်ပါတယ်။ Bubble Tea ဟာ ထိုင်ဝမ်နိုင်ငံကနေ စတင် ဆင်းသက်လာတာဖြစ်ပြီး အခုဆိုရင်တော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ နိုင်ငံတော်တော်များများမှာ နှစ်ခြိုက်စွာ သောက်သုံးလာကြပါတယ်။
တရုတ်နိုင်ငံ၊ Zhejiang စီရင်စုက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးဟာ မေလ ၂၈ ရက်နေ့တုန်းက အစာအိမ်နာပြီး အစာအဆိပ်သင့်တဲ့ လက္ခဏာကြောင့် ဆေးရုံကို အရေးပေါ်ရောက်ရှိခဲ့ပါတယ်။ ဝမ်းဗိုက်က မခံမရပ်နိုင်အောင် နာကျင်နေတဲ့ သူမကို ဝမ်းဗိုက်ပိုင်း CT Scan ရိုက်ကြည့်တဲ့အခါ အူလမ်းကြောင်း၊ အစာအိမ်နဲ့ စအိုလမ်းကြောင်း တလျှောက်မှာ Bubble Tea ထဲက ပုလဲသီး အမြောက်အများ ပိတ်ဆို့နေတာကို တွေ့ရှိခဲ့ရတာကြောင့် အံ့အားသင့်ခဲ့ရပါတယ်။
လူနာ မိန်းကလေးကို အခုရက်ပိုင်းအတွင်း Bubble Tea သောက်သုံးခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ လွန်ခဲ့တဲ့ ၅ ရက်လောက်တုန်းက သောက်သုံးခဲ့ကြောင်း၊ အဲဒီနောက်ပိုင်းမှာတော့ ဝမ်းဗိုက်က မကြာခဏ နာကျင်တာကြောင့် ဆက်လက် မသောက်သုံးတော့ကြောင်း၊ ဝမ်းဗိုက် မနာကျင်ခင်ရက်တွေမှာတော့ နေ့စဉ်လိုလိုကို သောက်သုံးလေ့ရှိကြောင်း ပြောခဲ့ပါတယ်။
ဒီလူနာ မိန်းကလေးကို ရောဂါဝေဒနာ သက်သာအောင် ဆေးရုံကနေ ကုသပေးနိုင်လိုက်ပေမယ့် Bubble Tea ကို အလွန်အကျွံ မသောက်သုံးသင့်ကြောင်းကိုတော့ ဒေါက်တာ Zhang က သတိပေးလိုက်ပါတယ်။ Bubble Tea ထဲမှာပါဝင်တဲ့ Boba လို့ခေါ်တဲ့ ပုလဲသီးလေးတွေကို ပီလောပီနံက ရတဲ့ ကုန်ကြမ်းနဲ့ အဓိက ပြုလုပ်ထားတာဖြစ်တာကြောင့် ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်ပါတယ်။
Bubble Tea တခွက်မှာ ခန္ဓာကိုယ်ကို အကျိုးဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မပါဝင်ဘဲ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေသာ ဖြစ်စေတဲ့ ကယ်လိုရီ ၃၀၀ ကျော်၊ ရေရှည်မှာ ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ Maleic Acid နဲ့ ကာဗိုဟိုက်ဒရိတ် 68g အထိ ပါဝင်တာကြောင့် မသောက်သုံးသင့်တဲ့ အအေးတမျိုးဖြစ်ကြောင်း အာဟာရ ပညာရှင်တွေက သုံးသပ်ပြောဆိုထားကြပါတယ်။
Ref. www.menshealth.com.sg
You may also like these stories:
ခရမ်းရောင်သမ်းတဲ့ အသီးအနှံတွေ စားသုံးပေးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခု
အသည်းကို သန့်စင်ပေးနိုင်မယ့် အစားအစာ ၈ မျိုး