ဒီတပတ်တော့ ကြက်သားကို အရသာတမျိုးဆန်းအောင် ဗီယက်နမ်စတိုင် ကြက်သားစပါးလင်ကြော်နည်း လေးကို ဝေမျှပေးချင်ပါတယ်။
စားလိုက်တိုင်း အနံ့မွှေးမွှေးလေးနဲ့ ခံတွင်းမြိန်စေမယ့် ကြက်သားစပါးလင်ကြော် နည်းက ချက်နေကျအရသာနဲ့ ကွဲထွက်နေလို့ အိမ်သားတွေ အကြိုက်တွေ့ကြမှာပါ။ ဗီယက်နမ်လူမျိုးတွေကတော့ ဒီဟင်းကို ထမင်းပူပူလေးနဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း Banh Mi လို့ခေါ်တဲ့ ဗီယက်နမ်အသားညှပ်ပေါင်မုန့်နဲ့ တွဲ စားရတာကို အကြိုက်တွေ့ပါတယ်။
ဗီယက်နမ်စတိုင် ကြက်သားစပါးလင်ကြော်ဖို့ —
ကြက်ရင်ဖုံသား
စပါးလင်
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
ကြက်သွန်နီ
ငံပြာရည်
သကြား
ငရုတ်ကောင်း
နံနံပင်
သခွားသီး တို့လိုအပ်ပါတယ်။
အရင်ဆုံး ကြက်ရင်ဖုံသားတွေကို သန့်စင်ဆေးကြောပြီး တလုတ်စာအရွယ်တော် အတုံးလေးတွေ တုံးထားပါ။ ပြီးရင်တော့ စပါးလင်ကို ပါးပါးလှီးပြီး ခပ်စိပ်စိပ်ပြန်လှီးပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီတို့ကိုပါ ခပ်ပါးပါးလှီးထားပါ။
ဟင်းထဲထည့်ချက်ဖို့ ငံပြာရည်၊ သကြားအနည်းငယ်၊ ငရုတ်ကောင်းတို့ကို ရောမွှေထားပါ။ ကြက်သားကြော်ဖို့ ဒယ်အိုးကို မီးဖိုပေါ်တင်ပါ။ ဆီပူလာရင် ကြက်ရင်ဖုံသားအတုံးတွေကို အညိုရောင်ပြောင်းပြီး ကြွပ်လာတဲ့ထိ ကြော်ပေးပါ။ ကြက်သားကြော်တာ ရခါနီးပြီဆိုရင် ပိုနေတဲ့အကြော်ဆီတွေကို ခပ်ထုတ်လိုက်ပါ။
ကြက်သားကြော်ထဲကို ပါးပါးလှီးထားတဲ့ စပါးလင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတွေကို ရောထည့်ကြော်လိုက် ပါ။ ၁ မိနစ် ၂ မိနစ်လောက်ကြော်ပြီးလို့ အမွှေးနံ့ထွက်လာပြီဆိုရင် ငံပြာရည်၊ သကြား၊ ငရုတ်ကောင်းတို့ကို လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အနံ့အရသာမွှေးမွှေးလေးနဲ့ စပါးလင်ကြက်သားကြော်ကို ထမင်းပူပူလေး ပေါ်မှာ သခွားသီး၊ နံနံပင်တို့နဲ့ တွဲဖက်စားနိုင်ပါပြီ။
Ref: Seonkyoung Longest
You may also like these stories:
အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တဲ့ ဖက်ထုပ်ပြုတ်ဟင်းရည်
ဓာတုပစ္စည်းတွေ မပါဝင်တဲ့ ဟင်းခတ်ကြက်သားမှုန့်ကို အလွယ်တကူပြုလုပ်ကြမယ်
ဗီယက်နမ်စတိုင် အသားညှပ်ပေါင်မုန့် လုပ်စားကြမယ်