ဈေးမကြာခဏ မသွားနိုင်တာကြောင့် ဟင်းသီးဟင်းရွက်တွေ တပတ်စာခန့် ကြိုတင် ဝယ်ယူတတ်တဲ့ အိမ်ရှင်မတွေအတွက် ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်ပြီး ကြာရှည်ခံအောင်ထားဖို့ နည်းလမ်းကောင်းတွေ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ အိမ်ရှင်မတိုင်းအတွက် အသုံးဝင်စေမယ့် နည်းလမ်းကောင်းတချို့ကို ဖော်ပြ ပေးချင်ပါတယ်။
(၁) သံပရာ၊ လိမ္မော် စတဲ့ အချဉ်ဓာတ် ပါဝင်တဲ့ အသီးအနှံတွေကို သိမ်းဆည်းမယ်ဆိုရင် နေရောင် တိုက်ရိုက်ရတဲ့ နေရာမျိုးမှာ မထားသင့်ပါဘူး။ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းမယ်ဆိုရင်တော့ ပလတ်စတစ်အိတ်နဲ့ ထုတ်ပြီးမှ ထည့်ပေးသင့်ပါတယ်။
(၂) ခရမ်းချဉ်သီးတွေကိုတော့ ရေခဲသေတ္တာထဲမှာ ထည့်ထားတာမျိုးထက် အပြင်မှာ ထားပေးတာက ခရမ်းချဉ်သီးကို ကြာရှည်ခံစေတဲ့အပြင် အနံ့၊ အရသာကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အပြင်မှာ ထားတဲ့အခါမျိုးမှာ သတိထားရမှာ တခုကတော့ နေရောင်ရတဲ့ နေရာမျိုးမှာ မထားဖို့ပဲ ဖြစ်ပါတယ်။
(၃) ငှက်ပျောသီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားတဲ့အခါ မည်းသွားတတ်တာကြောင့် သတင်းစာ စက္ကူနဲ့ ပတ်ပြီးမှ ရေခဲသေတ္တာ အောက်ဆုံးအကန့်ထဲ ထည့်သိမ်းပေးသင့်ပါတယ်။
(၄) အာလူး၊ ကန်စွန်းဥ စတာတွေကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းတာမျိုးထက် အပြင်မှာ စက္ကူအိတ်နဲ့ ထည့်ပြီး သိမ်းခြင်းက အနံ့၊ အရသာကို ပိုမိုကောင်းမွန်စေနိုင်သလို ကြာရှည်လည်း ခံစေပါတယ်။ အာလူးကို သိမ်းဆည်းတဲ့အခါ ကြက်သွန်နီနဲ့အတူ မထားမိဖို့တော့ ဂရုပြုသင့်ပါတယ်။ ကြက်သွန်နီရဲ့ အပူရှိန်ဟာ ရက်အနည်းငယ်အတွင်း အာလူးကို ပုပ်သွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။
(၅) ဟင်းခတ် အမွှေးအကြိုင်တွေဖြစ်တဲ့ နံနံပင်၊ ပူစီနံ၊ ပင်စိမ်းတု့ိလို အရွက်မျိုးတွေကို ရေခဲသေတ္တာထဲမှာ ထည့်သိမ်းခြင်းထက် ဖန်ခွက်တခွက်ထဲမှာ ရေအနည်းငယ် ထည့်ပြီး အမြစ် မြုပ်လောက်ရုံ ထည့်စိမ်ထားပေးခြင်းက အချိန် တပတ်ကျော်လောက် ကြာရှည်ခံစေပါတယ်။
(၆) ထောပတ်သီးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားခြင်းမျိုးထက် အပြင်မှာထားခြင်းက အနံ့၊ အရသာကို ပိုမို ကောင်းမွန်စေနိုင်ပါတယ်။ ထောပတ်သီးကို မြန်မြန် မှည့်ချင်ရင်တော့ ငှက်ပျောသီးမှည့် တလုံးနဲ့ အတူ ထားပေးနိုင်ပါတယ်။
Ref. www.popsugar.com
You May Also Like These Stories:
ဟင်းသီးဟင်းရွက်တွေကို ဓာတုပိုးသတ်ဆေး ကင်းစင်အောင် ဆေးကြောနိုင်မယ့် နည်းလမ်းများ
အသီးအနှံနဲ့ အသီးအရွက်တွေ တာရှည်ခံစေမယ့် နည်းလမ်းများ
သဘာဝပစ္စည်းတွေကို ရွေးချယ် သုံးစွဲသင့်တဲ့ အကြောင်းရင်း