“ကိုရီးယားရေညှိ ထမင်းလိပ်”လို့ ပြောလိုက်ရင် အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။ ကိုရီးယား ဇာတ်လမ်းတွဲတွေမှာ အမြဲလိုလို တွေ့ရသလို၊ မြန်မာနိုင်ငံက အစားသောက်ချစ်သူတွေ ခံတွင်းတွေ့ပြီးသားဖြစ်လို့ ဆိုင်မှာတင် မဟုတ်ဘဲ အိမ်မှာပါ လုပ်စားကြပါတယ်။ ဒီတပတ်တော့ ရေညှိထမင်းလိပ် ရိုးရိုး မဟုတ်ဘဲ ကြွပ်ကြွပ်ရွရွလေး ပြန်ကြော်ထားတဲ့ ရေညှိ ပဲကြာဆံလိပ်ကြော်နည်း မျှဝေပေးချင်ပါတယ်။
ကိုရီးယားစတိုင် ရေညှိ ပဲကြာဆံလိပ်ကြော်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
– ရေညှိ
– ပဲကြာဆံ
– မုန်လာဥနီ
– ကြက်သွန်မြိတ်
– ပဲငံပြာရည်
– နှမ်းဆီ
– ဂျုံမှုန့်
– ပြောင်းဖူးကော်မှုန့်
– ဆား
– ငရုတ်ပွတို့ လိုအပ်ပါတယ်။
ပထမဆုံး မုန်လာဥနီနဲ့ ကြက်သွန်မြိတ်၊ ငရုတ်ပွကို အချောင်းလေးတွေ ပါးပါးလှီးထားပါ။ ပဲကြာဆံနဲ့ အသီး အရွက်တွေကို ပဲငံပြာရည် အနည်းငယ် ထည့်ပြီး နှမ်းဆီလေးနဲ့ နွမ်းသွားအောင် ကြော်ပါ။
ပြီးရင်တော့ ရေညှိခြောက်ကို ၂ ပိုင်း ပိုင်းလိုက်ပါ။ တပိုင်းချင်းစီမှာ ကြော်ထားတဲ့ ပဲကြာဆံနဲ့ အသီးအရွက်တွေကို နည်းနည်းချင်းစီထည့်ပြီး လိပ်ပါ။ ရေညှိရဲ့ ထိပ်ဖျားတွေကို ရေဆွတ်ပေးလိုက်ရင် လိပ်လို့ ပိုလွယ်ပါတယ်။
ဂျုံမှုန့်နဲ့ ပြောင်းဖူးကော်မှုန့်ကို ရေအနည်းငယ်နဲ့ ပျစ်ပျစ်ဖျော်ထားပါ။ လိပ်ထားတဲ့ ရေညှိလိပ်တွေကို ဖျော်ထားတဲ့ အရည်ထဲ နှစ်ပြီး ဆီပူထဲ ထည့်ကျော်ပါ။ ၂ မိနစ်၊ ၃ မိနစ်လောက် ကြော်လိုက်ရင် အပေါ်ယံ တင်းတင်းလေးနဲ့ စားလို့ ရပါပြီ။
ကြွပ်ကြွပ်ရွရွလေး ထပ်ဖြစ်ချင်တယ်ဆိုရင် နည်းနည်း ထပ်ကြော်ရပါမယ်။ ရေညှိ ပဲကြာဇံလိပ်ကြော်ကို ကိုရီးယား နာမည်ကျော် အစားအစာ တော့ပုကီနဲ့ တွဲဖက်စားနိုင်သလို ဒီအတိုင်း အဆာပြေစာအဖြစ် ပဲငံပြာရည်လေးနဲ့ တို့စားရင်လည်း စားလို့ ကောင်းပါတယ်။
Ref: My Korean Kitchen
You may also like these stories:
ကိုရီးယားစတိုင် ကင်မ်ချီ ဂျုံခေါက်ဆွဲသုပ် လုပ်စားကြမယ်
အိမ်မှာ ကိုယ်တိုင် ဝက်ခေါက်ကြော် လုပ်စားရအောင်
အစားသောက်ချစ်သူတွေ မဖြစ်မနေမြည်းစမ်းကြည့်သင့်တဲ့ ကိုရီးယားအစားအစာများ