တာရှည်ခံအသားနဲ့ အနီရောင်အသားတွေကို နေ့စဉ်စားမိရုံနဲ့ အူမကြီးကင်ဆာနဲ့ ဆက်စပ်နေတဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ အကြောင်းကို သိရှိခဲ့ကြပြီး ဖြစ်မှာပါ။ The International Journal of Epidemiology ဆေးပညာဂျာနယ်မှာ နေ့စဉ် အသားများများ စားသုံးသူတွေဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေ ပိုများတယ်လို့ ဖော်ပြခဲ့အပြီးမှာတော့ ယခုအခါ အသားကို ချက်ပြုတ်မှုပုံစံပေါ် မူတည်ပြီး ဆီးချိုအမျိုးအစား -၂ ဖြစ်လာနိုင်ခြေပါ ဆက်စပ်နေတယ်လို့ ဆိုလိုက်ပါတယ်။
ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာချက်အသစ်မှာ အသားတွေကို မီးပြင်းပြင်းနဲ့ ချက်ပြုတ်တာဟာ ဆီးချိုအမျိုးအစား -၂ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ မီးပြင်းပြင်းနဲ့ ချက်ကြတဲ့ Barbecue အသားကင်တွေကို မကြာခဏ စားသုံးမယ်ဆိုရင် ဆီးချိုအမျိုးအစား -၂ ဖြစ်နိုင်ခြေကို အားပေးနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အမဲသားနဲ့ ကြက်သားတွေကို မီးပြင်းပြင်းနဲ့ ကြော်လှော်၊ ကင်တာတွေဟာ ဆီးချိုအမျိုးအစား -၂ နဲ့ လုံးဝ ဆက်စပ်မှု ရှိနေပါတယ်။ ဒီလို ရလဒ် ထွက်လာဖို့အတွက် အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၂၈၉,၀၀၀ ကျော်ကို ၁၂ နှစ်ကနေ ၁၆ နှစ်အတွင်း အချိန်ယူ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
လေ့လာမှုမှာ ပါဝင်ခဲ့သူတွေဟာ မကြာခဏ အသားတွေကို မီးပြင်းပြင်းနဲ့ ချက်ပြုတ် စားသောက်လေ့ ရှိပြီး စားလေ့ မရှိသူတွေနဲ့ နှိုင်းယှဉ်ရင် ဆီးချိုအမျိုးအစား -၂ (၁ ဒဿမ ၅ ရာခိုင်နှုန်း) ပိုများပါတယ်။ အကြောင်းရင်းကတော့ အသားတွေကို မီးပြင်းပြင်းနဲ့ ချက်ပြုတ်လိုက်တာကြောင့် လူကို အန္တရာယ်ဖြစ်စေတဲ့ Polycyclic aromatic hydrocarbon ၊ Heterocyclic aromatic amines နဲ့ Nitrosamines ဓာတုပစ္စည်းတွေ ထွက်လာတာကြောင့် တာရှည်စားသုံးရင် ရောဂါတွေ ခံစားရတာပါ။
အဆိုပါ ဓာတုပစ္စည်းတွေဟာ ကိုယ်ခန္ဓာက အင်ဆူလင် ထုတ်လွှတ်မှုကို ဟန့်တားလိုက်တာကြောင့် သွေးတွင်း သကြားဓာတ် မလုံလောက်တော့ဘဲ ဘေးထွက်ဆိုးကျိုးအဖြစ် ဆီးချိုရောဂါကို ခံစားလာရပါတယ်။
ဆီးချိုအမျိုးအစား -၂ ဖြစ်နိုင်လို့ပဲဖြစ်ဖြစ်၊ တခြားရောဂါတွေပါ ဖြစ်လာနိုင်လို့ပဲဖြစ်ဖြစ် အသား၊ ငါးတွေကို မလိုအပ်ဘဲ မီးပြင်းပြင်းနဲ့ မချက်ပြုတ်သင့်ပါဘူး။ တကယ်လို့ မီးအပြင်းနဲ့ ချက်ဖို့လိုရင်လည်း လိုအပ်သလောက်အချိန်ကို ချိန်ညှိထားပြီးမှ ချက်ပြုတ်ပါလို့ အကြံပေးထားပါတယ်။
Ref: Emma Deangela
Ref: Emma Deangela
You may also like these stories:
ကျန်းမာရေးအတွက် ဆန်လုံးညိုကို စားပေးသင့်တဲ့ အကြောင်းရင်း
ဆီးချိုရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ ရွှေပဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ
ဆီးချိုရောဂါဝေဒနာရှင်တွေ စားပေးသင့်တဲ့ အစေ့အဆန် ၅ မျိုး