Bubble Tea လို့ဆိုလိုက်တာနဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ လက်ထဲမှာ အမြဲလိုလိုတွေ့နေရတတ်တာပါ။ လူငယ်တွေ ဈေးဝယ် ထွက်ရင်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ စကားစမြည်ပြောကြချိန်တွေမှာ လည်း သောက်လေ့ရှိတဲ့ Bubble Tea ကို အိမ်မှာပဲ အလွယ်တကူ ဖျော်သောက်နိုင်ပါတယ်။
အပြင်မှာ သောက်ရတာထက် အိမ်မှာပဲ ကိုယ်တိုင် Bubble tea ဖျော်ပြီး စိတ်ကြိုက်သောက်ချင်တယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
Black Tea
Tapioca pearls
သကြားညို
နွားနို့
ရေခဲ တို့ပဲလိုအပ်ပါတယ်။
အရင်ဆုံး Bubble Tea ထဲမှာ ထည့်မယ့် ပုလဲလုံးလေးတွေကို ပြုတ်ပါမယ်။ ရေဆူအောင်တည်ပြီး ပုလဲလုံး လေးတွေကို မိနစ် ၂၀ လောက်ထိ ပျော့သွားအောင်ပြုတ်ပေးပါ။ မီးဖိုပေါ်ကချပြီး ရေစစ်ပါ။ စစ်ထားတဲ့ ပုလဲလုံးတွေကို သကြားညိုနဲ့ရေနွေးဖျော်ထားတဲ့ထဲ မိနစ် ၃၀ လောက် သကြားရည်စိမ်ထားရပါမယ်။ နာရီ ဝက်ကြာရင် ပြန်စစ်ပြီး သကြားရည်သပ်သပ်ခွဲဖယ်ထားပါ။
ပြီးရင် Black Tea ဖျော်ဖို့ အထုပ်ကို ရေထဲထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဆူလာရင် မီးဖိုပေါ်ကချပြီး အအေးခံထားပါ။ အားလုံးပြီးရင်တော့ Bubble Tea စဖျော်လို့ရပါပြီ။
ဖျော်သောက်မယ့်ခွက်ထဲကို အရင်ဆုံး ပုလဲလုံးတွေထည့်ပါ။ ပြီးရင်ကိုယ်ကြိုက်သလို ရေခဲတုံးထည့်ပါ။ နွားနို့နဲ့ Black Tea ကို ကိုယ့်ကြိုက်တဲ့အရသာပေါ်မူတည်ပြီး ရောထည့်ပါ။ အချိုအရသာအတွက် သကြားရည်ထည့် လိုက်ရင် အရသာရှိပြီး လူငယ်တိုင်းအကြိုက်တွေ့တဲ့ Bubble Tea တခွက်ရပါပြီ။
Black Tea မကြိုက်သူတွေအတွက် အချိုအရသာပိုကဲတဲ့ Milk Tea စမ်းကြည့်ပါ။ အပေါ်က နည်းလမ်းအတိုင်း Black Tea နေရာမှာ နို့ဆီ၊ နွားနို့ ဒါမှမဟုတ် နို့မှုန့်နဲ့ရောပြီး ဖျော်သောက်နိုင်ပါတယ်။
ခါးသက်သက်အရသာကို ကြိုက်သူတွေကတော့ လက်ဖက်စိမ်းအရသာ Matcha Bubble Tea ကို အကြိုက် တွေ့ကြမှာပါ။ လက်ဖက်စိမ်းမှုန့်၊ ပျားရည်၊ နွားနို့တို့နဲ့ အပေါ်ကနည်းလမ်းအတိုင်း ဖျော်သောက်နိုင်ပါတယ်။ ဒါဆိုရင် အိမ်မှာပဲ Bubble Tea ကို အရသာမျိုးစုံ စိတ်ကြိုက်ဖျော်သောက်လို့ရပါပြီနော်။
You may also like these stories:
Bubble Tea နဲ့ ထမင်းချက်စားတဲ့ ဂျပန်အမျိုးသား
Bubble Tea အသောက်များပြီး ဆေးရုံရောက်သွားတဲ့ တရုတ်နိုင်ငံက ၁၄ နှစ်အရွယ် မိန်းကလေး