ကျန်းမာရေးအတွက် သင့်တော်ပြီး စားလို့လည်း အရသာရှိတဲ့ အသီးအနှံတွေထဲမှာ ငှက်ပျောသီးလည်း ပါဝင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Blue Java banana လို့ခေါ်တဲ့ အပြာရောင် ငှက်ပျောသီးမျိုးစိတ်တမျိုးဟာ စားလိုက်ရင် ဗင်နီလာ ရေခဲမုန့် အရသာရှိတာကြောင့် ကမ္ဘာတဝှမ်းက Food Blogger တွေနဲ့ YouTuber တွေကြားမှာ ရေပန်းစားနေပါတယ်။
ဒီအပြာရောင် ငှက်ပျောသီးမျိုးစိတ်ကို အရှေ့တောင်အာရှနိုင်ငံံတွေမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ သူ့ရဲ့ထူးကဲတဲ့ အရသာကြောင့် သြစတြေးလျ၊ အမေရိကန်နဲ့ ဖီဂျီနိုင်ငံတို့မှာပါ စတင် စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။
ဗင်နီလာ ရေခဲမုန့် အရသာရှိတဲ့ အပြာရောင် ငှက်ပျောသီးမျိုးဟာဆိုရင် အရသာ ရှိရုံတင်မကဘဲ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေ များစွာရှိတာကြောင့် ရေပန်းစားနေတာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးပြုပုံတွေဟာ ပန်းဂေါ်ဖီစိမ်း (Broccoli) ရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုပုံတွေနဲ့ ဆင်တူတယ်လို့ အာဟာရ ပညာရှင်တွေရဲ့ လေ့လာမှုတွေအရ သိရပါတယ်။
အပြာရောင် ငှက်ပျောသီး (Blue Java banana) မှာ သာမန် ငှက်ပျောသီးတွေထက် ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ် ပိုမိုပါဝင်ပြီး အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီဓာတ် နည်းပါးစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိစေတာ ဖြစ်ပါတယ်။
အပြာရောင် ငှက်ပျောသီးမျိုးစိတ်ကို နေရောင်ခြည်နဲ့ မိုးရေ ကောင်းမွန်စွာ ရရှိတဲ့ မြေနေရာ အမျိုးအစားတွေမှာ စိုက်ပျိုးနိုင်ပြီး နေ့စဉ် ရေလောင်းပေးဖို့နဲ့ သဘာဝမြေသြဇာ ထည့်ဖို့ လိုအပ်ကြောင်း စိုက်ပျိုးရေးပညာရှင်တွေက အကြံပြုပြောဆိုထားကြပါတယ်။
အပင်တွေ တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ နေရောင်ခြည်ကို ပိုမိုလိုအပ်ပြီး ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးတဲ့ အပင်တပင်ဖြစ်ဖို့ အချိန် ၉ လခန့် လိုအပ်ကြောင်းကိုလည်း အကြံပြုပြောဆိုထားပါတယ်။ တခြားငှက်ပျောသီးတွေလိုမျိုး အဝါရောင် သမ်းလာတဲ့အခါ စားလို့ရတဲ့ အနေအထား ဖြစ်သလို ဒီအပြာရောင် ငှက်ပျောသီးမျိုးကတော့ အပြာရောင် သမ်းလာတဲ့အခါ စားသံုံးလို့ရပြီပဲ ဖြစ်ပါတယ်။
ဒီအပြာရောင် ငှက်ပျောသီးကို စမ်းသပ်မြည်းကြည့်ခဲ့တဲ့ YouTuber တဦးဖြစ်သူ LadyFlora ကတော့ “ စားဖူးသမျှ ငှက်ပျောသီးတွေထဲမှာ အရသာရော အနံ့ပါ ပြည့်စုံလွန်းပါတယ်။ ဗင်နီလာခရင်မ် များများနဲ့ ရေခဲမုန့်ကို စားနေရသလိုမျိုးပါပဲ။ ဒါကြောင့်ပဲ ကျမ ဒီငှက်ပျောသီးမျိုးကို ကျမရဲ့ ဥယျာဉ်ထဲမှာ စိုက်ပျိုးဖို့ကို ချက်ချင်းဆိုသလို ဆုံးဖြတ်ခဲ့တာပါ” လို့ ပြောပါတယ်။
Ref. www.intelligentliving.com
You may also like these stories:
အပြာဆုံးရေကန်နဲ့ အပြာဆုံးကမ်းခြေများ
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ “အပြာရောင်ခေါက်ဆွဲ” မြည်းစမ်းနိုင်မယ့် Kipposhi ခေါက်ဆွဲဆိုင်