လာအိုနိုင်ငံရဲ့ ရိုးရာအစားအစာ ဆန်ခေါက်ဆွဲပြုတ် (Khao Piak Sen) ဟာ နာမည်ကျော် အစားအစာ တမျိုး ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံက နာမည်ကြီး Pho ခေါက်ဆွဲနဲ့ ပုံစံတူပြီး လာအို လူမျိုးတွေကတော့ မနက်ခင်းစာအဖြစ် အစားများကြပေမယ့် နေ့လယ်စာ၊ တခြားအချိန်တွေမှာလည်း စားလေ့ ရှိပါတယ်။
လက်လုပ် ဆန်ခေါက်ဆွဲကို အမဲသား၊ ဒါမှမဟုတ် ကြက်သား၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းရည်နဲ့ တွဲစားကြတာပါ။
လာအို ရိုးရာအစားအစာ ဆန်ခေါက်ဆွဲ ချက်ပြုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
ကြက်သား (သို့မဟုတ်) အမဲသား
ကြက်ပြုတ်ရည်
ကြက်သွန်နီ
ဂျင်း
တရုတ်နံနံ
ဆန်မှုန့်
ပီလော်ပီနံကော်မှုန့်
ပဲငံပြာရည်
ငါးငံပြာရည်
ကြက်သွန်ဖြူ
ပဲပင်ပေါက်
ကြက်သွန်မြိတ်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ခေါက်ဆွဲအတွက် ပြုတ်ရည် ချက်ပါမယ်။ ကြက်သားကို သန့်စင်ဆေးကြောပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ တရုတ်နံနံ၊ ဂျင်း၊ ပဲငံပြာရည်တို့ကိုရောပြီး ဆားအနည်းငယ် ထည့်ကာ ကြက်ပြုတ်ရည်ထဲ ထည့် ၁ နာရီခန့် ပြုတ်ပေးရပါမယ်။ ပြုတ်ရည် ရပြီဆိုရင် အသားကို သပ်သပ်ဆယ်ပြီး အအေးခံထားပါ။
ဆန်ခေါက်ဆွဲ လုပ်ဖို့ ဆန်မှုန်နဲ့ ပီလောပီနံကော်မှုန့်ကို ရေထည့်ပြီး နယ်ပါ။ ရလာတဲ့ မုန့်နှစ်ကို ပြားပြီး အနေ တော် ခေါက်ဆွဲ အရွယ်ရအောင် ဖြတ်ပါ။ ခေါက်ဆွဲရပြီဆိုရင် ရေနွေးဆူအောင် တည်ပြီး ထည့်ပြုတ်ပါ။ ရပြီဆိုရင် ရေစစ်ထားပါ။
ပြုတ်ရည်ထဲကို ခုနတုန်းက အအေးခံထားတဲ့ အသားတွေကို နွှင်ပြီး ထည့်ပါ။ ပွက်ပွက်ဆူလာရင် အရသာအတွက် သကြား၊ ရသာမှုန့်၊ ငံပြာရည် အနည်းငယ် ထည့်ပါ။ အရသာ မြည်းကြည့်လို့ အနေတော်ပဲဆိုရင် ခုနက ပြုတ်ထားတဲ့ ဆန်ခေါက်ဆွဲကို ထည့်ပြုတ်လိုက်ရင် အရသာရှိတဲ့ လာအိုစတိုင် ဆန်ခေါက်ဆွဲပြုတ် ရပါပြီ။
လာအိုလူမျိုးတွေကတော့ ဆန်ခေါက်ဆွဲပြုတ် စားတဲ့အခါ နံနံပင်၊ ပဲပင်ပေါက်၊ ငရုတ်နှစ်၊ ငရုတ်ဆော့၊ ပင်စိမ်း ရွက်ထည့်ပြီး သံပုရာရည် ညှစ်ကာ ချဉ်ငန်စပ် အရသာဖြစ်အောင် စားလေ့ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ရှမ်းရိုးရာ အစားအစာ ရှမ်းခေါက်ဆွဲကို ဆန်စီး၊ ဆန်ဖွယ်ဆိုပြီး အရည်၊ အသုတ် နှစ်မျိုး လုပ်စားလေ့ ရှိကြပါတယ်။
Ref. Kin Khao With Us
You may also like these stories:
ချဉ်ငံစပ် အရသာ ထိုင်းစတိုင် ပဲကြာဆံသုပ် စားကြမယ်
Dim sum ကို အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်စားကြမယ်
အရသာငံစပ်လေးနဲ့ တမူ ထူးခြားတဲ့ ဘဲဥဆားငံနှစ် ကြက်တောင်ပံကြော်