မရောနိစ်ဟာဆိုရင်တော့ လူကြိုက်အများဆုံး ဆော့စ်တွေထဲကတခုဖြစ်သလို အသီးအရွက်သုပ်၊ ဆင်းဒဝှစ်ချ်၊ ဟမ်ဘာဂါနဲ့ ပေါင်မုန့်၊ အချိုပွဲ စတာတွေမှာပါ ထည့်သွင်းစားသုံးလေ့ရှိကြတာပါ။ ဗီတာမင် အေ၊ဒီ၊အီးနဲ့ Omega 3, Omega 6 fatty acid တို့ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ ကိုလက်စထရောဓာတ်တွေ မပါဝင်တာကြောင့် ကျန်းမာရေးနဲ့လည်း သင့်တော်တဲ့ ဆော့စ်တမျိုးဖြစ်ပါတယ်။
အခုဖော်ပြပေးမှာကတော့ အစားအသောက်ကြိုက်သူတွေ အများစု ကြိုက်နှစ်သက်ကြတဲ့ မရောနိစ်ကို အိမ်မှာ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့်နည်းလမ်းပဲ ဖြစ်ပါတယ်။
မရောနိစ်ပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥတလုံး၊ သံပရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြားအနည်းငယ်၊ ဆားလက်ဖက်ရည်ဇွန်းတဝက်ခန့််နဲ့ ဆီတို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ထည့်မွှေဖို့ သန့်ရှင်းခြောက်သွေ့တဲ့ ဇလုံခပ်ကြီးကြီးတခုနဲ့ မွှေတံတို့လည်း လိုအပ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ ကြက်ဥကို အကာနဲ့အနှစ် သေချာခွဲပြီး အနှစ်ကို မွှေမယ့်ဇလုံထဲ ထည့်ပေးပါ။ ပြီးရင်တော့ ကြက်ဥအနှစ်ထည့်ထားတဲ့ ဇလုံထဲကို သံပရာရည်၊ ရှာလကာရည်နဲ့ဆားတို့ကို ထည့်ပြီး သမအောင်မွှေပေးပါ။
ပါဝင်ပစ္စည်းတွေ အားလုံးသမသွားပြီး ခပ်ပျစ်ပျစ်အနေအထားကို ရောက်ရင်တော့ ဆီကို ဖြည်းညင်းစွာထည့်ကာ အဆက်မပြတ်မွှေပေးရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်း ပျစ်လာပြီး ကြက်ဥနှစ်ရောင်ကနေ အဖြူရောင်ဖြစ်လာတဲ့အထိ မွှေပေးနေရမှာပါ။
ဆက်ပြီးမွှေပေးနေရာကနေ အဖြူရောင်ဖြစ်လာပြီဆိုရင်တော့ သန့်ရှင်းခြောက်သွေ့ပြီး လေလုံတဲ့ပုလင်းတလုံးထဲ ထည့်ကာ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ ဒီ Homemade Mayonnaise ဆော့စ်ကို ရေခဲသေတ္တာထဲထည့်သိမ်းစားမယ်ဆိုရင်တော့ တပတ်လောက်အထိ အထားခံမှာ ဖြစ်ပြီး ကြာရှည်ခံတဲ့ ဓာတုပစ္စည်းတွေ မပါဝင်တာကြောင့် ကျန်းမာရေးအတွက် စိတ်ချလက်ချ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
Ref. www.epicurious.com
You may also like these stories:
အရသာရှိပြီး လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်တဲ့ ဂျပန်အစားအစာ ၃ မျိုး
အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နိုင်ငံတကာ အစားအစာများ
တသက်မှာ တခါလောက် မြည်းစမ်းကြည့်သင့်တဲ့ အစားအစာ ၇ မျိုး
အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကိုရီးယားစတိုင် မနက်စာ ပေါင်မုန့်မီးကင်