ဒီတပတ်တော့ ထူးထူးခြားခြား ကျန်းမာရေးနဲ့ အသားအရေ အလှအပကို အကျိုးပြုတဲ့ နဂါးမောက်သီးကို အသုံးပြုထားတဲ့ အစားအစာ တမျိုးကို ဝေမျှပေးချင်ပါတယ်။
ကိုယ်အလေးချိန် လျော့ကျစေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်စေသလို အစာချေစနစ်၊ သွေးအားကောင်းစေတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် အသားရေကို ကြည်လင်ဝင်းပစေပြီး အရေးအကြောင်းတွေ လျော့နည်းစေတဲ့ နဂါးမောက်သီး အနီရောင်ကို အသုံးပြုပြီး ထမင်းကြော်မှာ ဖြစ်ပါတယ်။
နဂါးမောက်သီး ထမင်းကြော်ဖို့အတွက် လိုအပ်တာတွေကတော့ —
– ထမင်း
– နဂါးမောက်သီး
– ကြက်သွန်ဖြူ
– ကြက်သွန်နီ
– ကြက်သွန်မြိတ်
– ငရုတ်သီး
– ဆား
– ဆီတို့ လိုအပ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး ထမင်းကြော်တဲ့ထဲ ထည့်ဖို့ နဂါးမောက်သီးတွေကို အခွံနွှာပြီး အတုံးလေးတွေ တုံးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း တို့ကို ပါးပါးလှီးထားပါ။
ထမင်းကြော်ဖို့ ဒယ်အိုးကို အပူပေးပါ။ ပူလာရင် ကြော်ဖို့ဆီထည့်ပါ။ ဆီပူလာရင် အရင်ဆုံး ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ကြက်သွန်မြိတ်တို့ကို ဆီသတ်ပါ။ ဆားအနည်းငယ် ထည့်ပါ။
ထမင်းနဲ့ နဂါးမောက်သီးတွေကို တခါတည်း ရောထည့်လိုက်ပါ။ နဂါးမောက်သီးတွေပျော်ပြီး ထမင်းအရောင် အနီရောင် စွန်းသွားတဲ့ထိ သေချာ မွှေကြော်ပေးပါ။
အရသာ အပေါ့အငန်ကို ကိုယ့်စိတ်ကြိုက်ပြင်ပြီး နှမ်းအနက် ဖြူးလိုက်ရင် မြင်နေကျ ထမင်းကြော်မျိုး မဟုတ်ဘဲ အနီရောင်ရဲရဲနဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ နဂါးမောက်သီး ထမင်းကြော် ရပါပြီ။
Ref: Cookpad