ဒီတပတ်တော့ ဟင်းချက်နည်း ဆိုတာထက် ဟင်းချက်ရာမှာ ထည့်သုံးတဲ့ “Green Curry Paste” လို့ခေါ်တဲ့ အစိမ်းရောင် ဟင်းခတ်အနှစ် လုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေမှာ အစိမ်းရောင် ဟင်းအနှစ်ကို အုန်းနို့ရည် (သို့မဟုတ်) နို့ စိမ်းတို့နဲ့ရောပြီး ပြင်ဆင် ချက်ပြုတ်လိုက်တဲ့အခါ ဟင်းအရသာ ပျစ်ပျစ်နှစ်နှစ်နဲ့ အနံ့ ပိုမွှေးတာကြောင့် အနီရောင် အနှစ်ထက် ပိုအသုံးများကြပါတယ်။
Green Curry ဟင်းခတ်အနှစ်ကို အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်သလို ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ၃ လလောက်အထိ အထားခံပါတယ်။
ထိုင်းစတိုင် အစိမ်းရောင် ဟင်းခတ်အနှစ် လုပ်ဖို့အတွက် —
စပါးလင်
ငရုတ်သီးစိမ်း
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
ဆနွင်းမှုန့်
ရှောက်ရွက်
တရုတ်နံနံစေ့
ဇီရာစေ့
ဆား
သကြား အနည်းငယ်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ပါဝင်ပစ္စည်းတွေကို မကြိတ်ခင် စပါးလင်ကို အပြင်ခွံတွေ ဖယ်ထုတ်ပြီး နူးညံ့တဲ့ အတွင်းပိုင်းသားကိုပဲ ယူပါ။ ငရုတ်သီးတွေကို အစေ့ဖယ်ထုတ်ထားပါ။ ကြက်သွန်နီကို အခွံနွှာပြီး အစိတ်လေးတွေ တုံးထားပါ။ ကြက်သွန်ဖြူကိုလည်း အခွံနွှာထားပါ။ ရှောက်ရွက် အနုလေးတွေကို လှီးဖြတ်ထားပါ။
အားလုံးပြင်ဆင်ပြီးပြီဆိုရင် စပါးလင်ကို အရင်ဆုံး ထည့်ကြိတ်ပြီးမှ ကျန်တဲ့ပစ္စည်းတွေကို ညက်သွားတဲ့ထိ ကြိတ်ပေးရပါမယ်။
ပါဝင်ပစ္စည်းအားလုံး သေချာ ညက်သွားပြီဆိုရင်တော့ အရသာ မြည်းကြည့်ပါ။ အနေတော်ပဲဆိုရင် ထိုင်းရိုးရာ အစိမ်းရောင် ဟင်းခတ်အနှစ် ရပါပြီ။ ဟင်းခတ်အနှစ်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် တာရှည်ပိုခံပါတယ်။
Ref: Bon Appétit