အသီးအရွက်ကို အခြေခံထားတဲ့ ဟင်းလျာတွေ တိုးမြင့်ရောင်းချပေးတော့မယ့် Disney Theme Parks
အမေရိကန်နိုင်ငံမှာ အသီးအရွက် စာသုံးမှု ခေတ်စားလာတာနဲ့အမျှ ဒစ္စနေးပန်းခြံထဲက စားသောက်ဆိုင်တွေမှာ အသီးအရွက်ကို အခြေခံထားတဲ့ ဟင်းလျာတွေ ထပ်တိုးတော့မယ်လို့ ဒစ္စနေးက ကြေညာလိုက်ပါတယ်။ အောက်တိုဘာ အစောပိုင်းလောက်ကစပြီး တိုးမြင့်ကာ ၂၀၂၀ ပြည့်နှစ်လောက်မှာ ပန်းခြံတိုင်းမှာ ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမှာရှိတဲ့ ဒစ္စနေးပန်းခြံထဲမှာ Quick-service ဆိုင်ရော၊ Table-service ဆိုင်တွေမှာပါ အောက်တိုဘာလဆန်းကစလို့ အသီးအရွက်အခြေခံ ဟင်းလျာအမျိုးပေါင်း ၄၀၀ ကျော်လောက်ရောင်း ချပေးနိုင်အောင် စီစဉ်နေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ Anaheim က ပန်းခြံမှာတော့ ၂၀၂၀ ပြည့်နှစ် နွေဦးပေါက်လောက်မှာ ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။
အမေရိကန်နိုင်ငံမှာ Disney ပန်းခြံ ၆ နေရာရှိတဲ့ထဲက အဓိကနေရာ နှစ်ခုဖြစ်တဲ့ အော်လန်ဒိုနဲ့ Anaheim မှာ စားသောက်ဆိုင်ပေါင်း ၆၀၀ ကျော် ရှိတာကြောင့် တခြားနေရာတွေထက် အဓိကထား လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အစပထမမှာတော့ ထပ်မံတိုးချဲ့မယ့် မီနူးအသစ်တွေကို ဒစ္စနေးဘက်က အသီးအရွက်ကို အခြေခံထားတဲ့ ဟင်းလျာ (Plant-Based) လို့ပဲ ဂရုတစိုက် သုံးနှုန်းထားပြီး Vegan လို့ မဆိုလိုထားသေးပါဘူး။ သက်သတ်လွတ် ဟင်းလျာတွေဖြစ်ဖို့ကတော့ နောက်ထပ် မျှော်မှန်းချက်တခုအနေနဲ့ ထားရှိပါတယ်။
အရင်ရောင်းနေကျ အစားအစာတွေလိုပဲ ဟင်းလျာအသစ်တွေကို ရောင်းချမယ့်နေရာပေါ် မူတည်ပြီး နာမည်တွေ ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် လာစားမယ့် ဧည့်သည်တွေ အလွယ်တကူ ခွဲခြားနိုင်အောင် မီနူး တခုချင်းစီတိုင်းမှာ အစိမ်းရောင်အရွက် အမှတ်တံဆိပ်တွေ မြင်တွေ့ရမှာပါ။
သက်သတ်လွတ် ဟင်းလျာတွေလို့ နာမည် မတပ်ထားပေမယ့် Plant-Based မီနူးအသစ်တွေကို အသားမပါ၊ နို့နဲ့ နို့ထွက်ပစ္စည်းမသုံး၊ ကြက်ဥ၊ ပျားရည် မပါဘဲ ချက်ပြုတ်ပြင်ဆင်ထားတာလို့ ဒစ္စနေးက ဆိုပါတယ်။
အခုချိန်မှာတော့ အမေရိကန်နိုင်ငံ တဝှမ်းမှာ သက်သတ်လွတ်သမားတွေအတွက် ရောင်းချပေးတဲ့ ဆိုင်တွေ နည်းနေပါသေးတယ်။ ဒစ္စနေးပန်းခြံမှာကိုပဲ ရောင်းအားအမြင့်ဆုံးက ဘာဂါဖြစ်ပြီး နှစ်စဉ် ၁၀ သန်းကျော်လောက် ရောင်းချရကာ သူ့နောက်မှာတော့ Hot Dogs နဲ့ ကြက်ဆင်သားက အရောင်းရဆုံးဖြစ်နေပါတယ်။
Plant-Based ဟင်းလျာရောင်းချတဲ့ ဆိုင်တွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့ ထင်သာမြင်သာရှိတဲ့ လမ်းညွှန်ချက်တွေ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref. edition.cnn
You may also like these stories:
Minnie Mouse နောက်ခံအသံပိုင်ရှင် Russi Taylor အသက် ၇၅ နှစ်မှာ ကွယ်လွန်
ရေသူမ နေရာမှာ လူမည်းသရုပ်ဆောင် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုများကို Halle Bailey တုံ့ပြန်
“The Little Mermaid” ရုပ်ရှင်မှာ Prince Eric အဖြစ် Harry Styles သရုပ်ဆောင်နိုင်ဖွယ်ရှိ
ရုပ်ရှင်အသစ် ထပ်မံ ဖန်တီးဖို့ Disney နဲ့ ဘီယွန်းစေးတို့ ဆွေးနွေးနေ