မိုးရာသီကုန်တာနဲ့ ရာသီဥတု အနည်းငယ် ပူလာပြီဆို ရင်အေးစေမယ့် အစားအသောက်တွေကို ပိုပြီး အာသီသ ရှိလာတတ်ကြပါတယ်။ ရာသီဥတု ပူလာတဲ့အခါ ခန္ဓာကိုယ်မှာ ချွေးထွက်များလာတာကြောင့် ရေဓာတ်ကို အမြန်ဆုံး ပြန်လည် ဖြည့်ပေးနိုင်မယ့်ထဲမှာ ဖရဲသီးဟာ အကောင်းဆုံး ရေဓာတ်ဖြည့် အသီးပါ။ ဒါကြောင့် အိမ်မှာပဲ အလွယ်တကူ လုပ်စားကြည့်လို့ရတဲ့ ကိုရီးယားစတိုင် ဖရဲသီးရေခဲခြစ် လုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
(Korean Bingsu) ကို ကိုရီးယားလူမျိုးတွေက ရှေးယခင်ထဲက ဆောင်းရာသီဆိုရင် ရေခဲမှတ်အောက် အအေးချိန်ကြောင့် ခဲသွားတဲ့ မြစ်ကြောင်းတလျှောက်ကနေ ရေခဲတုံးတွေ ဖြတ်တောက်ပြီး ရေခဲခြစ်လုပ်ကာ အသီးအနှံ၊ ဆန်မုန့်၊ ပဲအနှစ်တွေနဲ့ ရောစားကြရာကနေ ရေခဲခြစ် (Bingsu) စားသုံးမှုဓလေ့ စတင်လာတာပါ။
ကိုရီးယားစတိုင် ဖရဲသီးရေခဲခြစ် လုပ်မယ်ဆိုရင် —
ရေခဲ
ဖရဲသီး
နို့ဆီ
Blueberry
Mochi cake
Misugaru (ကိုရီးယားရိုးရာ အစေ့အဆန် ၇ မျိုးပါဝင်တဲ့ အမှုန့်) တို့ လိုအပ်ပါတယ်။
အရင်ဆုံး ရေခဲတွေကို စားမယ့်လူ အရေအတွက်ပေါ် မူတည်ပြီး စက်နဲ့ ခြစ်ပါ။ ဖရဲသီးကို ထက်ခြမ်းခြမ်းပါ။ ဖရဲသီး အသားတွေကို Scoop ဇွန်းလေးနဲ့ အလုံးလေးတွေရအောင် ခပ်ပါ။ Scoop မရှိရင်လည်း ထမင်းစား ဇွန်းကြီးနဲ့ ခပ်ပါ။
အားလုံးပြီးပြီဆိုရင် အတွင်းသားတွေ ခပ်ထုတ်ထားတဲ့ ဖရဲသီးအခွံခွက်ထဲကို scoop ဇွန်းနဲ့ ခပ်ထားတဲ့ ဖရဲသီး အသားတွေကို အရင်ထည့်ပြီး အပေါ်ကနေ ခြစ်ထားတဲ့ ရေခဲခြစ်တွေ တင်ပါ။ အချို အရသာအတွက် နို့ဆီကို ကိုယ့်အကြိုက် အရသာပေါ် မူတည်ပြီး ၃ ဇွန်းကနေ ၅ ဇွန်းခန့်ထည့်ပါ။
အပေါ်ကနေ ကိုရီးယားရိုးရာ အစေ့အဆန်မှုန့် Misugaru အနည်းငယ်ဖြူးပြီး ဘလူးဘယ်ရီသီးလေးတွေ တင်ပါ။ နောက်ဆုံးမှာတော့ ရိုးရာ ဆန်မုန့် Mochi cake လေးတွေ တင်လိုက်ရင် အရသာလည်းရှိပြီး ရင်ကို အေးမြစေတဲ့ ကိုရီးယားစတိုင် ဖရဲသီးရေခဲခြစ် ရပါပြီ။
Ref: Kimchi Mari