ဘုရားကျောင်းနဲ့ အရက်သေစာ ရောင်းချတဲ့ စားသောက်ဆိုင်ဆိုတာ လားလားမှ မအပ်စပ်တဲ့ အရာပါ။ ဒါပေမယ့် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာ တကယ်ရှိနေပါတယ်။ ဒီစားသောက်ဆိုင်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးစာရင်း ဝင်ထားတဲ့ စားသောက်ဆိုင် တဆိုင်လည်း ဖြစ်နေပါသေးတယ်။
ဘုရားကျောင်းကတော့ ရှေးဟောင်းဗိသုကာ လက်ရာနဲ့ဖြစ်ပြီး ခေတ်သစ် ပန်းပုရုပ်တွေနဲ့ အလှဆင်ထားပါတယ်။ စားသောက်ဆိုင်မှာ ဝိုင်အမျိုးအစားပေါင်း ၉၅၀ ကျော် ရှိပြီး ဥရောပ ဟင်းလျာတွေကို အဓိက ရောင်းချပါတယ်။
စားသောက်ဆိုင် နာမည်ကတော့ “TRB Hutong” ပါ။ ဒီစားသောက်ဆိုင်ဟာ ကမ္ဘာ့ အကောင်းဆုံးစားသောက်ဆိုင်အဖြစ် Traveler’s Choice ဆုကိုလည်း ရရှိခဲ့ပါတယ်။ စားသောက်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တာကတော့ ၂၀၁၂ ခုနှစ်ဖြစ်ပြီး ဒီစားသောက်ဆိုင်ဟာ တရုတ် ယဉ်ကျေးမှုကိုလည်း ကိုယ်စားပြုနေပါတယ်။
တရုတ်နိုင်ငံမှာတင်သာမက ကမ္ဘာမှာလည်း အကောင်းဆုံး စားသောက်ဆိုင် ဖြစ်နေတဲ့အတွက် နေ့စဉ်လာရောက် စားသောက်ကြသူတွေလည်း အများအပြားပါပဲ။ စားသောက်ဆိုင် ဝန်ထမ်းတွေကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ဧည့်ဝတ် ကျေပွန်ကြပါတယ်။ ဒါကြောင့်လည်း ဧည့်သည်တွေအနေနဲ့ စိတ်တိုင်းမကျတာကို ကြုံရလေ့ မရှိပါဘူး။
TRB Hutong စားသောက်ဆိုင်မှာ ၉၇ ဒေါ်လာပေးရုံနဲ့ အရသာထူးခြားတဲ့ ဟင်း ၅ မျိုးကို စားသောက်နိုင်ပါတယ်။ တချိန်တုန်းကတော့ ဒီဘုရားကျောင်းကြီးဟာ ဘေကျင်းမြို့ရဲ့ အဖြူ၊ အမည်း တီဗီထုတ်လုပ်တဲ့ စက်ရုံ ဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ သြစတြေးလျ ဗိသုကာနဲ့ ဒီဇိုင်း ကုမ္ပဏီဖြစ်တဲ့ Hassell ကုမ္ပဏီက ဒီဇိုင်းပြန်လည် ရေးဆွဲခဲ့ပြီး TRB Hutong စားသောက်ဆိုင် ဖြစ်လာခဲ့ပါတယ်။
ခေတ်ဟောင်း ခေတ်သစ် ဗိသုကာလက်ရာဟန်တွေ ရောနှောထားတဲ့ အတွက်ကြောင့်လည်း ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ စားသောက်ဆိုင် တဆိုင်ပါ။ တချိန်တုန်းက ဘေကျင်းရဲ့ ဘုရားကျောင်းဟောင်းကြီးဟာ အခုဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်တဆိုင် ဖြစ်လာခဲ့ပါတယ်။
Ref: timesofindia, shanghai.ist