ကိုရီးယား Food Blogger တွေ စားပြလေ့ရှိတဲ့ ပဲငံပြာရည်စိမ်ထားတဲ့ ကဏန်းအစိမ်းဟင်းလျာဆိုရင် မြန်မာ လူမျိုးတွေ အတွက် ဆန်းပါတယ်။ နောက်ပိုင်းတော့ ကိုရီးယားအစားအစာတွေက မြန်မာပါးစပ်နဲ့ အဆင်ပြေလာသလို၊ ကဏန်းပဲငံပြာရည်စိမ်မီနူးဆိုရင် ဒီမှာစားသုံးသူတွေ တောင်းဆိုချက်ကြောင့် ရောင်းလာကြပါပြီ။ ဒီတပတ်တော့ ကဏန်းပဲငံပြာရည်စိမ်ကို မြည်းစမ်းချင်ပေမယ့် မတည့်မှာဆိုးတဲ့သူတွေအတွက် ပုစွန်ကို အစားထိုး ပြောပြပေးသွားပါမယ်။
ပုစွန်အစိမ်းပဲငံပြာရည်စိမ်ဖို့အတွက် လိုအပ်တာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
အငန်ဓာတ်နည်းတဲ့ ပဲငံပြာရည်
ငါးငံပြာရည်
သကြားအညို
ဆန်အရက်
ပန်းသီး
ကြက်သွန်နီ
Lemon
ငရုတ်သီးစိမ်း
ငရုတ်ခြောက်
ကြက်သွန်ဖြူ
ချင်း
ကြက်သွန်မြိတ်
ပုစွန်အကောင်ကြီး တို့ လိုအပ်ပါတယ်။
အရင်ဆုံး ပဲငံပြာရည်စိမ်မယ့် ပုစွန်အကောင်ကြီးတွေကို အခွံမခွာဘဲ သန့်စင်ဆေးထားပါ။ ပြီးရင်တော့ ပုစွန်စိမ် ဖို့ ပဲငံပြာရည်ကို ဟင်းခတ်အရသာထည့်ပြီး ကြိုပါမယ်။
အိုးကြီးကြီးတလုံးထဲမှာ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သကြား၊ ပန်းသီးကို လေးစိတ်စိပ်ထည့်ပါ၊ ကြက်သွန်နီလေး စိပ်၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ Lemon တဝက်ကို အရည်ညှစ်ထည့်ပါ၊ ငရုတ်သီးအစိမ်း၊ ငရုတ် ခြောက်တွေနဲ့ ရေထည့်ပြီး ၁၅ မိနစ်လောက်ပွက်ပွက်ဆူအောင်တည်ပါ။
ပွက်ပွက်ဆူအောင် တည်ထားတဲ့ ပဲငံပြာရည်တွေကို မီးဖိုပေါ်ကချပြီး ရောကြိုထားတဲ့ ဟင်းခတ်အမွှေးကြိုင် တွေကို စစ်ထုတ်ပြီး အရည်ကိုပဲ အခန်းအပူချိန်မှာ အရင်အအေးခံထားပြီး ရေခဲသေတ္တာထဲထည့်အအေးခံပါ။ အအေးခံထားတဲ့ ပဲငံပြာရည်တွေထဲကို ပုစွန်၊ ကြက်သွန်နီလေးစိပ်ခွဲနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားတာ ရော ထည့်ပါ။
ပဲငံပြာရည်စိမ်ထားတဲ့ ပုစွန်တွေကို အဖုံးလုံအောင် သေချာဖုံးပြီး ရေခဲသေတ္တာထဲကို ၂၄ နာရီ တရက်ကြာ အောင် ထည့်ပါ။ နောက်နေ့မှာ အအေးခံထားတဲ့ ပဲငံပြာရည်စိမ်ပုစွန်အိုးထဲကနေ ပုစွန်တွေကိုဖယ်ပြီး အရည်ကို ၅ မိနစ်လောက် ဆူအောင်ပြန်တည်ပါ။ ပြီးရင် အပေါ်မှာပြောခဲ့သလို အအေးခံပြီး ရေခဲသေတ္တာထဲနောက်ထပ် တရက်ထပ်ထည့်ပါ။ ဒီအတိုင်း အနည်းဆုံး ၂ ရက်၊ ၃ ရက်လောက် စိမ်ပေးရပါမယ်။
သုံးရက်လောက်ဆိုရင်ရှိပြီဆိုရင်တော့ အရသာဝင်ပြီး စားလို့အနေတော်မယ့် ပဲငံပြာရည်စိမ်ပုစွန်တွေကို ထမင်း ပူပူလေးနဲ့ တွဲစားနိုင်ပါပြီ။
Ref: Kim Sunee