ဒီတပတ် ပိတ်ရက်မှာ မြန်မာပါးစပ်နဲ့ အကြိုက်တွေ့မယ့် စီချွမ် ဟင်းလျာတမျိုးကို ဝေမျှပေးချင်ပါတယ်။ စီချွမ်လို့ ပြောလိုက်တာနဲ့ ဟင်းတိုင်းလိုလိုမှာ မပါမဖြစ် ငရုတ်ခြောက်ကြော်တွေကို ထည့်လေ့ရှိသလို ပူပူစပ်စပ် အရသာဖြစ်လို့ ဆောင်းတွင်းဘက် ရာသီဥတု အေးအေးလေးနဲ့ အလွန် လိုက်ဖက်ပါတယ်။
စီချွမ်စတိုင် မာလာကြက်ခြောက်စပ်ကြော် လုပ်ဖို့အတွက် —
ကြက်ရင်ဖုံသား
စီချွမ်ငရုတ်သီးခြောက်
ငရုတ်ကောင်း
ချင်း
ကြက်သွန်မြိတ်
ကြက်သွန်ဖြူ
သကြား
နှမ်း
ဆား အနည်းငယ်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ကြက်ခြောက်စပ်ကြော်ထဲ ထည့်မယ့် ငရုတ်သီးခြောက်တွေကို အပိုင်းလေးတွေဖြတ်ပြီး ၁၅ မိနစ်လောက် ရေစိမ်ပေးရင် ကြော်တဲ့အခါ အလွယ်တကူ မတူးတော့ပါဘူး။ ကြက်သားကို သန့်စင်ဆေးကြောပြီး တကိုက်စာ အတုံးလေးတွေတုံး ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ဆန်အရက်၊ ပြောင်းဖူးကော်မှုန့်နဲ့ ဆားအနည်းငယ်ထည့်ပြီး ၁၀ မိနစ်လောက် နှပ်ထားပါ။
အားလုံးပြင်ဆင်ပြီးရင် ကြက်သားတုံးလေးတွေကို ဆီပူပူနဲ့ ရွှေရောင်သမ်းသွားတဲ့အထိ ၁ မိနစ်လောက် ကြော်ပေးပါ။ ပြီးရင် ပန်းကန်ထဲ ဖယ်ထည့်ထားပါ။
ငရုတ်သီး ဆက်ကြော်ပါမယ်။ ရေစိမ်ထားတဲ့ ငရုတ်သီးခြောက်တွေကို ငရုတ်ကောင်းစေ့နဲ့ ရောလို့ မီးနည်းနည်းနဲ့ အနီရောင်တောက်ပြီး ကြွပ်လာတဲ့အထိ ကြော်ပေးပါ။ ကြွပ်လာပြီဆိုရင် ကြက်သွန်ဖြူ၊ ချင်းနဲ့ ကြက်သွန်မြိတ် ထည့်ပါ။
ပြီးရင်တော့ ကြက်သားတုံးကြော်ထားနဲ့ ရောပြီး အနံ့အရသာ ပိုကောင်းသွားအောင် နှမ်း၊ သကြား၊ ဆားနဲ့ ကြက်သွန်မြိတ်တို့ ရောပြီး မွှေးလာတဲ့အထိ သမအောင် ကြော်ပေးလိုက်ရင် စီချွမ်စတိုင်အတိုင်း ခပ်စပ်စပ်နဲ့ အနံ့ အရသာပြင်းပြင်း ကြက်ခြောက်စပ်ကြော် ရပါပြီ။
Ref: China Sichuan Food
You may also like these stories:
ကိုရီးယားစတိုင် ဝက်သားကင်မ်ချီစတူး
အချိန်နာရီဝက်နဲ့ လွယ်လွယ်ကူကူ “ကြက်သားမှိုဟင်း” ချက်ကြမယ်
အနံ့အရသာ မွှေးပျံ့တဲ့ အိန္ဒိယစတိုင် ကဏန်းဟင်း ချက်ရအောင်
လူကြိုက်များတဲ့ ကိုရီးယားအစားအစာ “တော့ပုကီ” ပိတ်ရက်မှာ လုပ်စားကြမယ်