ဒီတပတ် အာရှနိုင်ငံတွေမှာ လူကြိုက်များ ခေတ်စားနေတဲ့ Omurice (Omelette Rice) ကြက်ဥထမင်းကြော်နည်းကို ဝေမျှပေးချင်ပါတယ်။
အာရှစတိုင် ထမင်းကြော်နဲ့ ဥရောပစတိုင် ကြက်ဥမွှေကြော်ကို ပေါင်းစပ်ဖန်တီး ထားတဲ့ Fushion ဟင်းလျာ Omurice ကို ဂျပန်နိုင်ငံကနေတဆင့် စတင်ခေတ်စားလာရာက ကိုရီးယား နိုင်ငံကိုပါ ပျံ့နှံ့သွားပြီး ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ ကိုရီးယားနိုင်ငံရဲ့ ဥရောပစတိုင် ကော်ဖီဆိုင်တွေရဲ့ အရောင်းရဆုံး အစားအသောက်ဖြစ် လာခဲ့တဲ့အပြင် အခုခေတ်မှာလည်း အာရှနိုင်ငံတော်တော်များများမှာပါ နေရာယူနေပါပြီ။
အရှေ့တိုင်းနဲ့ အနောက်တိုင်းကို ပေါင်းစပ်ထားတဲ့ Omurice ချက်ဖို့အတွက် လိုအပ်တဲ့အရာတွေကတော့ အောက်ပါအတိုင်းပါ။
ကြက်ဥ
ထမင်း
ကြက်သွန်နီ
ကြက်သွန်မြိတ်
မုန်လာဥနီ
အမဲသား (တခြားကြိုက်နှစ်သက်ရာအသား အသုံးပြုနိုင်ပါတယ်)
ငရုတ်ကောင်းမှုန့်
ပဲငံပြာရည်
Ketchup တို့ လိုအပ်ပါတယ်။
အရင်ဆုံး ထမင်းကြော်ဖို့ ထမင်းချက်ထားပါ။ အသား၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်နဲ့ မုန်လာဥနီတို့ကို ခပ်စိတ် စိတ်လေး လှီးဖြတ်ထားပါ။
ပြီးရင်တော့ ကြော်ဖို့ ဒယ်အိုးကို မီးဖိုပေါ်တင်ပါ။ ပူလာရင်း ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ မုန်လာဥနီတို့ကို စကြော်ပါ။ ပြီးရင်တော့ အသားထည့်ပြီး ပဲငံပြာရည် စားပွဲတင် ဇွန်း ၁ ဇွန်းနဲ့ ဆား၊ ငရုတ်ကောင်းအနည်းငယ်ဖြူးထည့်ပါ။
နောက်ဆုံးမှာတော့ ချက်ထားတဲ့ထမင်းကို ထည့်ပြီး အစာတွေနဲ့ နှံ့သွားအောင် သေချာမွှေပေးပါ။ ketchup စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပြီး အပေါ့အငန်အတွက် လိုသေးရင် ဆားအနည်းငယ် ထပ်ထည့်ပါ။ အားလုံးကျက် သွားပြီဆိုရင် ပန်းကန်တခုထဲ ဖယ်ထားပါ။
ကြက်ဥမွှေကြော်ပါမယ်။ ခေါက်ထားတဲ့ ကြက်ဥအနှစ်တွေကို ပြန့်သွားအောင် ဖြန့်ထည့်ကြော်ပါ။ ကြက်ဥကြော် အောက်အသားတွေ ကျက်လာပြီဆိုရင် အလယ်မှာ ကြော်ထားတဲ့ထမင်းထည့်လိုက်ပြီး ဘေးတချက်စီကို ခေါက်ပြီး လိပ်ထည့်လိုက်တာနဲ့ အရသာလည်းရှိ အလွယ်တကူပြင်ဆင်နိုင်တဲ့ Omurice ရပါပြီ။ ကြက်ဥကြော် ပေါ်ကနေ Ketchup ကို နှစ်သက်ရာ ပုံလေးတွေ ပုံဖော်လို့ရပါတယ်။
Ref: Korean Bapsang
You may also like these stories
အာဟာရ အပြည့်ဝဆုံးလို့ သတ်မှတ်ကြတဲ့ ကျန်းမာရေးဓာတ်စာ ငါးရှဉ့်ကင်
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထောပတ်သီးဆူရှီ ပြုလုပ်နည်း