အာရှအစားအစာထဲမှာ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယလူမျိုးတွေ အစားများတဲ့ ကျောက်ဖရုံသီးဟာ ဆောင်း ရာသီရဲ့ အကောင်းဆုံး ဓာတ်စာတမျိုးပါ။ Winter Melon, Ash Gourd, Wax Gourd လို့ ခေါ်ဝေါ်ကြတဲ့ ကျောက်ဖရုံသီးက ကျောက်ကပ်ရောဂါသည်တွေအတွက် အကောင်းဆုံး သဘာဝဆေးလည်းဖြစ်ပါတယ်။
ဆီး ကျောက်တည်ခြင်း၊ ကျောက်ကပ်ရောင်ရမ်းခြင်းနဲ့ ဆီးကျိတ်ရောဂါကို သက်သာစေသလို၊ အဆုတ်၊ အူမကြီးကို အားကောင်းစေတာကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို အာရှတိုက်သားတွေ တန်ဖိုးထားစား သုံးကြပါတယ်။
အာရှနိုင်ငံတော်တော်များများမှာရှိတဲ့ ဟင်းလျာတွေထဲက အလွယ်ကူဆုံးချက်ပြုတ်နိုင်တဲ့ထဲက တရုတ်စတိုင် ကျောက်ဖရုံသီးဟင်းချိုချက်နည်းကို ဝေမျှပေးချင်ပါတယ်။ ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံးဟင်းတခွက်ဖြစ်မယ့် ကျောက်ဖရုံသီးဟင်းချိုချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။
ကြက်ပြုတ်ရည်
ကျောက်ဖရုံသီး
မှို
ချင်း
အသားပြား
ဆား
ငရုတ်ကောင်း
ကြက်သွန်မြိတ်
ပုစွန်ခြောက် တို့လိုအပ်ပါတယ်။
အရင်ဆုံး ဟင်းချိုချက်မယ့် ကျောက်ဖရုံသီးတွေကို အခွံနွှာပြီး အထဲကအစေ့တွေကို ဖယ်ကာ သန့်စင်ပြီး ၂ လက်မအရွယ် အတုံးလေးတွေ တုံးထားပါ။
ပြီးရင်တော့ အိုးတလုံးထဲကို ရေထည့်ပြီး တုံးထားတဲ့ကျောက်ဖရုံသီးတွေကို မိနစ် ၂၀ လောက် ထည့်ပြုတ်ပေးပါ။ ကျောက်ဖရုံသီးတွေ နူးသွားပြီဆိုရင် အိုးထဲကို ကြက်ပြုတ်ရည်၊ ပုစွန်ခြောက်၊ ချင်း၊ မှို နဲ့ အသားပြားတွေကို ဆားအနည်းငယ်၊ ငရုတ်ကောင်း အနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူအောင် နောက်ထပ် မိနစ် ၂၀ လောက် တည် ပေးပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်ခပ်ပြီး သုံးဆောင်နိုင်ပါပြီ။
အချိန်ရလို့ နောက်ထပ်ဖြည့်စွက်စာတွေ ထည့်မယ်ဆိုရင် နောက်တမျိုးအဖြစ် ဟင်းချိုထဲကို ဝက်နံရိုး၊ အမဲရိုး ဒါမှမဟုတ် ကြက်ရိုးတို့ပါ ထပ်ဖြည့်နိုင်သလို၊ မုန်လာဥနီ၊ တရုတ်မုန်ညင်းဖြူ၊ တရုတ်ဆီးသီး စတဲ့အသီးအရွက် တွေပါ စိတ်ကြိုက်ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။
Ref: The Spruce Eats