တရုတ်အယူအဆအရ အရှည်အတိုင်း ချက်ပြုတ် ပြင်ဆင်ထားတဲ့ ခေါက်ဆွဲကို နှစ်သစ်ကူးနေ့နဲ့ အခါကြီးရက်ကြီးတွေမှာ စားပေးရင် ကျန်းမာပြီး အသက်ရာကျော်ရှည်တယ်လို့ လက်ခံထားကြပါတယ်။ ဒီလိုပဲ ဝက်သားဆိုတာ တိုးတက်မှုကို ကိုယ်စားပြုတာကြောင့် အစစအရာရာ တိုးတက်စေချင်ရင် ဝက်သားကို မပါမဖြစ် ထည့်ကြပြန်ပါတယ်။
ဒီတပတ်တော့ ခရစ္စမတ်ညမှာ ပြင်ဆင်ချက်ပြုတ် စားလေ့ရှိတဲ့ထဲက ကံကောင်းခြင်း အယူအဆတွေ လွှမ်းမိုးထားတဲ့ တရုတ်စတိုင် ခေါက်ဆွဲကြော် (Chow Mein) ကို ညွှန်းဆိုပေးချင်ပါတယ်။
တရုတ် စားသောက်ဆိုင်တိုင်းမှာ ရနိုင်သလို အိမ်မှာ ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်မယ်ဆိုရင်လည်း အချိန်တိုတွင်း အရသာရှိတဲ့ခေါက်ဆွဲကြော်ကို ရနိုင်တဲ့အပြင် အသီးအရွက်၊ အသား၊ ပဲငံပြာရည်လောက် ရှိရုံနဲ့ စားသောက်ဆိုင်က အရသာအတိုင်း တထပ်တည်း ပြင်ဆင်နိုင်ပါတယ်။
တရုတ်စတိုင် ခေါက်ဆွဲကြော်ဖို့အတွက် —
Chow Mein ခေါက်ဆွဲ (မရှိခဲ့ရင် အခြား နှစ်သက်ရာ ခေါက်ဆွဲ အသုံးပြုနိုင်)
တရုတ်နံနံ
မုန်ညင်းထုပ်
မုန်လာဥနီ
ကြက်သွန်ဖြူ
ကြက်သွန်နီ
ဂျင်း
ဂေါ်ဖီ
ဝက်သား
ပဲငံပြာရည်တို့ လိုအပ်ပါတယ်။
အရင်ဆုံး ခေါက်ဆွဲကြော်ထဲ ထည့်မယ့် ဝက်သားကို အတုံးလေးတွေ တုံးပြီး နှမ်းဆီးလေးနဲ့ ပဲငံပြာရည်၊ ခရုဆီ၊ သကြား အနည်းငယ်ထည့်ပြီး ကျက်ရုံကြော်ထားပါ။
ပြီးရင်တော့ ခေါက်ဆွဲထဲထည့်မယ့် အသီးအရွက်တွေကို ပါးပါးလှီးထားပါ။ လှီးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းအနည်းငယ်ထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်လောက် ကြော်ပါ။ အသီးအရွက်တွေ နွမ်းသွားရင် ကြော်ထားတဲ့ ဝက်သားကြော် ထည့်လိုက်ပါ။
နောက်ဆုံးမှာတော့ ခေါက်ဆွဲထည့်ပြီး အရသာ အပေါ့အငန် မြည်းကြည့်လို့ အနေတော်ပဲဆိုရင် နှစ်သစ်ကူးညနဲ့ ခရစ္စမတ်ညတွေမှာ စားလေ့ရှိတဲ့ တရုတ်စတိုင် ခေါက်ဆွဲကြော်တပွဲ ရပါပြီ။
Ref: Cooking Classy