ဒီတပတ်တော့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အစားအစာတမျိုးကို ဝေမျှပေးချင်ပါတယ်။ ဆီးချို မတက်အောင် ထိန်းထားနိုင်စွမ်း အာနိသင် ရှိသလို၊ ကင်ဆာနဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တာကတော့ မြန်မာနိုင်ငံမှာ အလွယ်တကူ ရနိုင်တဲ့ ငှက်ပျောဖူးပါ။
ငှက်ပျောဖူးရဲ့နောက်ထပ် ကျန်းမာရေး အကျိုးကျေး ဇူးတွေက အရွယ်တင် နုပျိုစေပြီး အမျိုးသမီးတွေ လစဉ်ဓမ္မတာကြောင့် ကိုက်ခဲနာကျင်မှုကို သက်သာစေပါ တယ်။ အာရှနိုင်ငံတော်တော်များများရဲ့ ဟင်းလျာတွေမှာ တွေ့ရလေ့ရှိတဲ့ ငှက်ပျောဖူးကို ထိုင်းစတိုင် ချဉ်ငန်စပ် သုပ်နည်းလေး ပြောပြပေးချင်ပါတယ်။
ထိုင်းစတိုင် ငှက်ပျောဖူးသုပ်ဖို့အတွက် —
ငှက်ပျောဖူး
Lemon
ပုစွန်
ကြက်သွန်မြိတ်
အုန်းရည်
နံနံပင်
ကြက်သွန်ကြော်
ပုဇွန်ခြောက်
မန်ကျည်းနှစ်
ငါးငံပြာရည်
ကြံသကာ
ငရုတ်သီးစိမ်း
Coconut cream တို့ လိုအပ်ပါတယ်။
အရင်ဆုံး ငှက်ပျောဖူးနဲ့ သုပ်မယ့် ပုဇွန်တွေကို သန့်စင်ဆေးကြောပြီး ပြုတ်ထားပါ။ ငှက်ပျောဖူးကိုတော့ အပေါ်ယံအခွံတွေ နွှာပြီး အတွင်းပိုင်း အနုလေးကိုပဲ ယူပါမယ်။ ငှက်ပျောဖူးကို နှစ်ခြမ်းခွဲပြီး ရေ၊ Lemon ရည်၊ မည်းမသွားအောင် ဆားအနည်းငယ် ထည့်ပြီး ပြုတ်ပါ။
နူးသွားပြီ ဆိုရင်တော့ ပန်းကန်တခုထဲ ထည့်ပြီး ဖယ်ထားပါ။ ငှက်ပျောဖူးသုပ်ဖို့အတွက် ပုဇွန်ခြောက်ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။ အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ ပြုတ်ထားတဲ့ ငှက်ပျောဖူးကို အနေတော် လှီးဖြတ်ပါ။
ဇလုံတခုထဲမှာ ငှက်ပျောဖူး၊ ပုစွန်၊ ပုစွန်ခြောက်မှုန့်၊ အုန်းရည်၊ ကြက်သွန်မြိတ်၊ ကြံသကာ၊ ငရုတ်သီးစိမ်း၊ ဆားအနည်းငယ်၊ မန်ကျည်းနှစ်၊ Coconut cream ထည့်ပြီး သမအောင် မွှေပါ။
အရသာ မြည်းကြည့်ပြီး အပေါ့အငန် ပြင်ပါ။ အားလုံး အဆင်ပြေပြီဆိုရင်တော့ နံနံပင်၊ ကြက်သွန်ကြော်ထည့်ပြီး စားမယ့် ပန်းကန်ထဲ ပြင်လိုက်ရုံပါပဲ။
Ref: SBS
You may also like these stories:
ထမင်းမြိန်စေမယ့် ကြက်သားချိုချဉ်ကြော် ချက်စားရအောင်
ဗီယက်နမ်စတိုင် အသားညှပ်ပေါင်မုန့် လုပ်စားကြမယ်
သြင်္ကန်မှာ ပျော်ပျော်ပါးပါး မုန့်လုပ်စားကြမယ်