ဒီတပတ်တော့ ခံတွင်းမြိန် ဟင်းလျာတခွက်ကို ဝေမျှပေးချင်ပါတယ်။ အာရှနိုင်ငံတော်တော်များများမှာ လူ ကြိုက်များသလို မြန်မာနိုင်ငံက အစားချစ်သူတွေလည်း အကြိုက်တွေ့လာတဲ့ Cockles ခေါ် သွေးဂုံးလေးတွေကို ချိုချဉ်စပ်အရသာပုံစံ ချက်ထားတာပါ။ ကိုရီးယားလူမျိုးတွေ ချက်စားလေ့ရှိတဲ့ပုံစံမျိုးဖြစ်ပြီး လွယ်ကူရိုးရှင်းတဲ့အပြင် သွေးဂုံးရဲ့အရသာကို ပိုမိုပေါ်လွင်စေပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါ။
သွေးဂုံး
ဆား
Korea Rice Wine (Cheongju)
ပဲငံပြာရည်
သကြား
ကိုရီးယားငရုတ်သီးမှုန့် (Gochugaru)
နှမ်းဆီ
နှမ်း
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
ငရုတ်သီး တို့လိုအပ်ပါတယ်။
အရင်ဆုံး သွေးဂုံးထဲက သဲတွေကုန်သွားအောင် ရေထဲ ဆားကို (အချိုး ၄:၁) ထည့်ပြီး ၂ နာရီကနေ ၄ နာရီ လောက် စိမ်ပေးရပါတယ်။ ပြီးရင်တော့ ဘေစင်မှာ ရေဖွင့်ထားပြီး သွေးဂုံးတွေကို သွားတိုက်တံနဲ့ သေချာတိုက် ချွတ်ဆေးကြောပေးပါ။
သန့်စင်ထားတဲ့ သွေးဂုံးတွေကို ရေလေးခွက်ထဲ Korea Rice Wine စားပွဲတင်ဇွန်း ၆ ဇွန်းထည့်ပြီး ပြုတ်ပါ။ မီး ပြင်းပြင်းနဲ့ ၆ မိနစ်၊ ၇ မိနစ်လောက်ဆိုရပါပြီ။ သွေးဂုံးတွေအားလုံး အခွံပွင့်လာတဲ့အထိ မပြုတ်ပါနဲ့။ ပြီးရင်တော့ ပြုတ်ထားတဲ့ သွေးဂုံးတွေကို ရေစစ်ပြီး ၁၅ မိနစ်လောက် အအေးခံထားပါ။ အေးသွားပြီဆိုရင်တော့ အခွံတွေကို လှန်လိုက်လို့ရပါပြီ။
အားလုံးပြင်ဆင်ပြီးရင်တော့ ဆော့စ်စပ်ပါမယ်။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပါ။ ပြီးရင်တော့ ပန်ကန်းတလုံးထဲမှာ ဆော့စ်စစပ်လို့ရပါပြီ။ ပါးပါးလှီး ထားတဲ့ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကိုရီးယားငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နှမ်းဆီထည့်ပြီး သမအောင်မွှေလိုက်ရင် နှမ်းဖြူးလိုက်ရင် သွေးဂုံးနဲ့တွဲစားဖို့ ဆော့စ်ရပါပြီ။
စားမယ့် ပန်းကန်းပေါ် သွေးဂုံးတွေကို အစီအရီတင်လိုက်ပါ။ အပေါ်ကနေ ခုနပြင်ဆင်ထားတဲ့ ဆော့စ်ဆမ်း လိုက်ရင် ချိုချဉ်စပ်နဲ့ အရသာရှိတဲ့ သွေးဂုံးဟင်းလျာတခွက် ရပါပြီ။
Ref: Crazy Korean Cooking