Food

ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ငါးဆန်ပြုတ် ပူပူနွေးနွေး

ဒီတပတ်တော့ ဆောင်းတွင်း ရာသီဥတု အေးအေးလေးနဲ့ လိုက်ဖက်သလို၊ နှာစေး၊ ချောင်းဆိုးလို့ အစားသောက် ပျက်နေသူတွေအတွက်လည်း အားရှိစေမယ့် ငါးဆန်ပြုတ်ချက်နည်းကို ဝေမျှပေးချင်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ မူလ ချိုရှန်ဒေသ ဟင်းချက်နည်းဖြစ်တဲ့ Teochew စတိုင်ဟာ ပုံမှန်ချက်နေကျ ဆန်ပြုတ်တွေလို မဟုတ်ဘဲ အချိန်တိုအတွင်းချက်ပြုတ် ပြင်ဆင်နိုင်သလို အရည်ကျဲကျဲနဲ့ ပါဝင်တဲ့ ငါးအသားရဲ့ လတ်ဆတ်မှုတွေက အရသာ ပိုရှိစေပါတယ်။

ငါးဆန်ပြုတ် ချက်ဖို့အတွက် —

ငါး (အသားများတဲ့ ငါးမျိုးကို ရွေးချယ်ပါ)
ဆန်
အရွက်ချဉ်
ဂျင်း
နှမ်းဆီ
ငရုတ်ကောင်းမှုန့်
ကြက်ပြုတ်ရည်
ကြက်သွန်ဖြူဆီချက်
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
နံနံပင်
ပဲငံပြာရည်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ဆန်ကို အရင်ချက်ထားပါ။ အိမ်မှာ ထမင်းကျန်နေရင်လည်း သုံးလို့ရပါတယ်။ ပြီးရင် ဆန်ပြုတ်ထဲ ထည့်မယ့် ငါးကို ရေဆေးပြီး အနေတော် အတုံးလေးတွေတုံး ပဲငံပြာရည်၊ နှမ်းဆီတို့နဲ့ သမအောင် ရောပြီး ခဏ နှပ်ထားပါ။

ဆန်ပြုတ်ထဲ ထည့်မယ့် အရွက်ချဉ်တွေနဲ့ ဂျင်းကို ပါးပါး လှီးထားပါ။ နောက်ဆုံးမှာ ဆန်ပြုတ်ထဲ ဖြူးထည့်စားဖို့ ကြက်သွန်မြိတ်၊ နံနံပင်တို့ကိုပါ ပါးပါးလှီးထားပြီး ကြက်သွန်ဖြူ ဆီချက်ကိုလည်း ပြင်ထားပါ။

အားလုံးပြင်ဆင်ပြီးရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတွေကို ဆီသတ်ပြီး ဆီသပ်သပ်၊ အဖတ် သပ်သပ် ဖယ်ထားပါ။ ချက်ထားတဲ့ ထမင်းတွေကို ရေထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။

ဆူအောင်တည်ထားတဲ့ ထမင်းတွေ ပွက်ပွက်ဆူလာရင် ပါးပါးလှီးထားတဲ့ ဂျင်း၊ အရွက်ချဉ်တွေနဲ့ ငါးအသားတုံးတွေကို ရောထည့်ပြုတ်လိုက်ပါ။

နောက်ဆုံးမှာတော့ ကြက်ပြုတ်ရည်နဲ့ ဆီချက်၊ ဆား၊ ငရုတ်ကောင်း အနည်းငယ် ရောပြီး ထည့်ပါ။ ငါးအသား ကျက်ရင်တော့ အရသာ မြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် ပန်းကန်လုံး တလုံးထဲထည့်၊ နံနံပင်၊ ကြက်သွန်မြိတ်နဲ့ ဆီချက်ဖတ်တွေ ထည့်ပြီး ငရုတ်ကောင်းဖြူးလို့ သုံးဆောင်နိုင်ပါပြီ။

Ref: Huang Kitchen

Loading