ဒီတပတ်မှာတော့ တရုတ်စားသောက်ဆိုင်တွေမှာ ငရုတ်သီးဆီချက်နဲ့ တွဲဖက်စားလေ့ရှိတဲ့ စီချွမ်စတိုင် ဖက်ထုပ်ပေါင်းလုပ်နည်းကို မျှဝေ ပေးချင်ပါတယ်။ စီချွမ်စတိုင်လို့ ဆိုလိုက်တာနဲ့ ပူစပ်စပ် အရသာမို့ အာရှသားတွေရဲ့ ခံတွင်းနဲ့ အကိုက်ညီဆုံးဖြစ်မှာပါ။ သရေစာအနေနဲ့ပဲ စားစား၊ အရသာကြိုက်တွေ့လို့ အဝပဲစားစား အိမ်မှာ အလွယ်တကူ ပြင်ဆင် ချက်ပြုတ်နိုင်ပါတယ်။
စီချွမ်စတိုင် ငရုတ်သီးဆီချက်နဲ့ ဖက်ထုပ်ပေါင်း လုပ်ဖို့အတွက် —
အသင့်စားဖက်ထုပ်
ကြက်သွန်ဖြူ
ချင်း
ကြက်သွန်မြိတ်
ငရုတ်အကြမ်းမှုန့်
ဆား
သကြား
ဟွာကျောင်း (Sichuan Peppercorn – စီချွမ် ငရုတ်ကောင်း)
ပဲငံပြာရည်
နှမ်း
တရုတ်နံနံပင်
Black Vinegar တို့ လိုအပ်ပါတယ်။
အရင်ဆုံး အဓိကကျတဲ့ စီချွမ်စတိုင် ငရုတ်သီးဆီချက် အရင်ချက်ပါမယ်။ ဒယ်အိုးထဲကို တဝက်လောက် ဆီထည့်ပြီး ဆူအောင် တည်ထားပါ။ ဆီဆူအောင် တည်ထားတုန်းမှာ ကြက်သွန်ဖြူ၊ ချင်းနဲ့ ကြက်သွန်မြိတ်တွေကို ပါးပါး လှီးပြီး ပန်းကန်လုံး တလုံးထဲ ထည့်ပါ။
နောက်ထပ် ဆား၊ သကြား အနည်းငယ်၊ ညက်အောင် ထောင်းထားတဲ့ ဟွာကျောင်း (အထုံအရသာ မကြိုက်ရင် ဟွာကျောင်းကို နည်းနည်းပဲ) ထည့်ပါ။ ပြီးရင် ငရုတ်သီး အကြမ်းမှုန့်ကို ထပ်ထည့်ပါ။ ဆီ ပွက်ပွက်ဆူလာပြီဆိုရင် ဟင်းခတ်အမွှေးကြိုင်တွေ ထည့်ထားတဲ့ ပန်းကန်လုံးထဲ လောင်းထည့်လိုက်ပါ။
ပြီးနောက် ဖက်ထုပ် ပြုတ်ပါမယ်။ စူပါမားကတ်တွေမှာ အသင့်စား ဖက်ထုပ်တွေ အမျိုးစားအစုံရှိပါတယ်။ ကြိုက်နှစ်သက်ရာ အရသာဝယ်ပြီး ရေနွေး ပွက်ပွက်ဆူတဲ့ထဲ ထပ်ပြုတ်လိုက်ပါ။ ၅ မိနစ်လောက်ဆို အသင့်စားလို့ ရပါပြီ။
ချက်ထားတဲ့ငရုတ်ဆီချက်ထဲ Black Vinegar ၊ ပဲငံပြာရည်နဲ့ သကြား အနည်းငယ် ထည့်ပြီး မွှေပါ။ အရသာ အနေတော်ဖြစ်ပြီဆိုရင် ပြုတ်ထားတဲ့ ဖက်ထုပ်ပြုတ်ပေါ် ဆမ်းလိုက်ပါ။ အပေါ်ကနေ ကြက်သွန်မြိတ်၊ နှမ်းနဲ့ တရုတ်နံနံ ထည့်လိုက်ရင် ပူစပ်စပ်နဲ့ စားကောင်းတဲ့ စီချွမ်စတိုင် ငရုတ်သီးဆီချက် ဖက်ထုပ်ပေါင်းရပါပြီ။
Ref: SeonkYoung Longest