ဒီတပတ်တော့ ခေါက်ဆွဲကြိုက်သူတွေအတွက် အာရှနိုင်ငံတွေမှာ လူကြိုက်များတဲ့ Ramen ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဆိုင်ကအရသာတွေနဲ့မတူ အိမ်လုပ်ခေါက်ဆွဲအရသာကို ခံစားမိစေမှာဖြစ်လို့ ပိတ်ရက်မှာ မိသားစုတွေနဲ့အတူတူ ချက်ပြုတ်ပြင်ဆင်ပြီး အချစ်တွေ ဝေမျှနိုင်ကြပါစေ။
Ramen ချက်ဖို့ ထည့်ရမယ့် အမယ် တွေများသလို လုပ်ရမယ့်အဆင့်တွေလည်း အချိန်ယူပြင်ဆင်ရပါတယ်။
အရည်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ဝက်ရိုး
ချင်း
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
ရေညှိခြောက်
ကြက်သားမှုန့် တို့လိုအပ်ပါတယ်။
အရည်အတွက် လိုအပ်တာတွေ ပြင်ဆင်ပြီးရင်တော့ Ramen ထဲထည့်ဖို့ လိုအပ်တာတွေက အောက်ပါအတိုင်းပါ။
ဝက်သားသုံးထပ်သား
ပဲငံပြာရည်
ဆာကေး
Mirin
ပဲပင်ပေါက်
ခေါက်ဆွဲ
ကြက်ဥပြုတ် တို့လိုအပ်ပါတယ်။
အရင်ဆုံး အရည်ချက်ဖို့ အဓိကလိုအပ်တဲ့ ဝက်ရိုးတွေကို အသားထဲက အသွေးတွေနဲ့ အညစ်အကြေးတွေ ကုန်သွားတဲ့ထိ ရေအေးအေးထဲ တနာရီလောက်စိမ်ထားပါ။ ပြီးရင်တော့ ရေနဲ့ သေချာသန့်စင်ပါ။ ဝက်ရိုးတွေကို ရေပွက်ပွက်ဆူတဲ့ထဲ ၅ မိနစ်ကနေ ၈ မိနစ်လောက် နှစ်ရည်လောက်ပြုတ်ပေးလိုက်ရင် အချိုရည်ယူလို့ရတဲ့ထိ သန့်စင်သွားပါလိမ့်မယ်။
သန့်စင်သွားအောင်ပြုတ်ထားတဲ့ ဝက်ရိုးတွေကို ရေသန့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ရေညှိခြောက်၊ ကြက်သားမှုန့်တို့ထည့်ပြီး မီးပြင်းပြင်းနဲ့ ၁၅ မိနစ်လောက် ပွက်ပွက်ဆူအောင်တည်လိုက်ရင် အပေါ်ယံအမြုပ် တွေ တက်လာပါလိမ့်မယ်။ ဖယ်လိုက်ပြီး မီးအေးအေးနဲ့ ၃ နာရီလောက်ကြာအောင် တည်ထားပါ။
၃ နာရီကြာအောင် တည်ထားတဲ့ အရည်အိုးထဲ ဝက်သားသုံးထပ်သားတွေကို ထည့်ပြုတ်ပါ။ အတုံးကြီးရင် ၁ နာရီ မိနစ် ၂၀ လောက် ပြုတ်ပေးရပါမယ်။ အရွယ်တော်အတုံးဆိုရင်တော့ ၄၅ မိနစ်လောက်ဆို ရပါပြီ။ အသား တွေထည့်ပြုတ်ထားတုန်း ဆော့စ်လုပ်ပါမယ်။ အိုးတလုံးထဲ ပဲငံပြာရည်၊ ဆာကေး၊ Mirin ၊ ချင်းနဲ့ ဓားပြားရိုက် ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မီးပြင်းပြင်းနဲ့ ၇ မိနစ်လောက် တည်ပြီးရင် အအေးခံထားပါ။
အရည်အိုးထဲက အသားတွေနူးပြီဆိုရင်တော့ ဆယ်ပြီး ဖယ်ထားပါ။ ဝက်ရိုးတွေကိုလည်း ဆန်ခါနဲ့စစ်ပြီး အရည် ပဲ သတ်သတ်ထားပါ။ ထည့်ပြုတ်ထားတဲ့ သုံးထပ်သားတွေကို အရွယ်တော်အပိုင်းလေးတွေ လှီးထားပါ။
ခေါက်ဆွဲထဲထည့်စားဖို့ ပဲပင်ပေါက်ကို ရေနွေးဖျောပါ။ ဆယ်ထားပြီး ခေါက်ဆွဲပြုတ်ပါမယ်။ ဂျုံခေါက်ဆွဲအစို သုံး ကြသလို၊ မရှိရင်တော့ ကြက်ဥခေါက်ဆွဲခြောက်လည်း ရပါတယ်။ ခေါက်ဆွဲပြုတ်ပြီးရင်တော့ Ramen ပြင်ပါမယ်။
အရင်ဆုံး ပန်ကန်လုံးထဲ ဆော့စ်အနည်းငယ်ထည့်ပါ။ ပြီးရင် အရည်လောင်းထည့်လိုက်ပါ။ ခေါက်ဆွဲ ပြုတ်ထား တာထည့်ပြီး အပေါ်ကနေ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်နဲ့ ကြက်ဥပြုတ်တခြမ်းတင်လိုက်ရင် အရသာရှိတဲ့ အိမ်လုပ် Ramen ရပါပြီ။
Ref: Seonkyoung Longest
You may also like these stories:
သွေးတွင်းသကြားဓာတ်ကို သဘာဝအတိုင်း ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းများ
ဝိတ်ချဖို့ ကြိုးစားနေပေမယ့် မအောင်မြင်ရတဲ့ အကြောင်းရင်းများ
နူးညံ့ပြီး အရသာရှိတဲ့ ငါးခဲပတ်ပေါင်း ပြုလုပ်နည်း