ဒီတပတ်တော့ အပြင်မထွက်ချင်တာနဲ့ အိမ်မှာပဲရှိတဲ့ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်ထုပ်ကို ထိုင်းစတိုင်အသုပ် လုပ်စားဖြစ်ပါတယ်။ မာမားခေါက်ဆွဲလို့ ဆိုလိုက်တာနဲ့ ထိုင်းနိုင်ငံမှာ အရောင်းရဆုံးနဲ့ နာမည်ကြီးဆုံးဖြစ်သလို ပုံစံမျိုးစုံနဲ့ ချက်ပြုတ်စားလေ့ ရှိပါတယ်။
ခေါက်ဆွဲကို အသား၊ ကြက်ဥ၊ အသီးရွက်တွေထည့်ပြီး ပြန်ကြော်စားတာမျိုး၊ ချဉ်ငန်စပ် ထောင်းစားလေ့ရှိသလို ဒီတခါတော့ မားမားခေါက်ဆွဲကို အရသာရှိရှိနဲ့ သုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။ အသုပ်ထဲထည့်မယ့် ပါဝင်ပစ္စည်းတွေကတော့ ကိုယ့်စိတ်ကြိုက် ထည့်သုံးနိုင်သလို မာမားခေါက်ဆွဲအရသာကိုလည်း ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။
ထိုင်းစတိုင် မားမားခေါက်ဆွဲသုပ် ပြုလုပ်ဖို့ လိုအပ်တာတွေကတော့ —
မာမားခေါက်ဆွဲထုပ်
ဝက်သားစဉ်းကော
ပုစွန်
ငရုတ်သီးစိမ်း
ကြက်သွန်မြိတ်
ကြက်သွန်နီ
ခရမ်းချဉ်သီး
နှစ်သက်ရာ အသီးရွက် (မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်)
နံနံပင်
ပင်စိမ်း
ငါးငံပြာရည်
သကြားတို့ လိုအပ်ပါတယ်။
အရင်ဆုံး အသုပ်ထဲထည့်မယ့် အသီးရွက်တွေကို သန့်စင်အောင် ဆေးကြောပြီး ရေနွေးဖျောထားပါ။ အသားစဉ်းကောနဲ့ ပုစွန်ကိုလည်း ရေနွေးဖျောပါ။ မာမားခေါက်ဆွဲခြောက်ကိုလည်း ပြုတ်ပြီး ရေစစ်ထားပါ။
အသုပ်သုပ်ဖို့ အချဉ်ရည် စပ်ပါမယ်။ သကြား၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ကြက်သွန်နီနဲ့ ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီး ထည့်ပါ။ နံနံပင်၊ ခရမ်းချဉ်သီးတွေကိုလည်း ပါးပါးလှီးထည့်ရပါမယ်။ အားလုံးကို ပန်းကန်လုံး တလုံးထဲမှာ ထည့်မွှေပေးပါ။ အရသာမြည်းကြည့်လို့ အနေတော်ပဲဆိုရင် မာမားခေါက်ဆွဲသုပ် ပြင်ဆင်လို့ရပါပြီ။
စားမယ့် ပန်းကန်လုံးထဲကို ရေနွေးဖျောထားတဲ့ အသီးရွက်၊ အသားစဉ်းကော၊ ပုစွန်နဲ့ ခေါက်ဆွဲတွေကို ထည့်ပါ။ အရသာစပ်ထားတဲ့ အချဉ်ရည်ကို လောင်းထည့်ပြီး သမအောင် မွှေပါ။ အရသာပိုကောင်းချင်ရင်တော့ ခေါက်ဆွဲခြောက်ထုပ်ထဲမှာပါတဲ့ ရသာမှုန့်နဲ့ အစပ်ကြိုက်ရင် ငရုတ်သီးမှုန့်ထပ်ထည့်ပါ။
အားလုံးသမအောင် မွှေပြီးပြီဆို ရင် အပေါ်ကနေ ပင်စိမ်းရွက်လေး အုပ်လိုက်ရုံပါပဲ။ ဒါဆိုရင် ချဉ်ငန်စပ် အရသာရှိတဲ့ ထိုင်းစတိုင် မားမားခေါက်ဆွဲသုပ် တပွဲကို အချိန်တိုအတွင်း ပြင်ဆင် စားသုံးနိုင်ပါပြီ။
Ref: Riverside Thai Cooking
You may also like these stories:
ရာသီဥတု ဖောက်ပြန်မှုကြောင့် အချင်းချင်း ပြန်စားနေရတဲ့ ပိုလာဝက်ဝံများ
နေ့တနေ့ကို အကောင်းဆုံး စတင်နိုင်မယ့် နည်းလမ်းများ
ကလေးငယ်တွေကို ဘာကြောင့် ရိုက်နှက်ပြီး မဆုံးမသင့်တာလဲ